စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မထိသာ၊ မှန်ချို၊ မလုံးတင်နဲ့ ဆင်မြေကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့တာကြောင့် ဒေသခံ ၈၀၀၀ လောက် ထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။
မနေ့ မနက်ပိုင်းက စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသမီးတဦး အပြင်းထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရှောင် ဒေသခံက "ရွာကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး ဝင်လာတယ်။ အိမ်တွေ မီးရှို့သွားတာ ကုန်သလောက်ပဲ။ မီးလောင်အိမ်ခြေအရေတွက် အတိကျကိုတော့ မသိရဘူး။ ရွာထဲ ပြန်မဝင်ရဲကြသေးဘူး။ ပတ်ဝန်းကျင်ကျေးရွာတွေက လူတွေလည်း ထွက်ပြေးရတယ်။ ကျနော်တို့ အားလုံးကတော့ မြောင်မြို့နယ်ဘက်ကို ထွက်ပြေးကြရတယ်။ အဲဒီမှာ ထွက်ပြေးရင်း ဆင်မြေ ကျေးရွာက အမျိုးသမီး တယောက်လည်း လက်နက်ကြီး ထိပြီး ဒဏ်ရာ အပြင်းထန်ရသွားတယ်။ နောက်ထပ်လည်း အထိအခိုက်ရှိနိုင်တယ်"လို့ ပြောပါတယ်။
နေအိမ်တွေ မီးလောင်တာကို သွားရောက် မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကိုလည်း ရွာအတွင်း ကင်းပုန်းဝပ်ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက "မြောင်ဘက်ကို ပြည်သူ ထောင်နဲ့ချီပြေးလာကြတယ်။ စစ်ကြောင်းမရှိတော့လို့ ရွာပြန်ကြမယ်ဆို ရင်တောင် သူတို့အတွက် နေစရာ အိမ်ရှိမှာ မဟုတ်တော့ဘူး။ စကစတပ်က ရွာလုံးကျွတ် အကုန်ရှို့သွားတာ" လို့ ပြောပါတယ်။
မီးရှိုခံရတဲ့ ကျေးရွာ ၄ ရွာအနက် မှန်ချိုကျေးရွာဟာ အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက် တွေမှာ နှစ်ရက်ဆက်တိုက် မီးရှို့ခံရတာလို့ ဆိုပါတယ်။