ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်က မြို့နယ်တရားရုံးကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မြို့ပြပြောက်ကျားအဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်တော်လှန်ရေး အဖွဲ့ တွေက ကြေညာထားပါတယ်။
ကြည့်မြင်တိုင်မြို့နယ်တရားရုံးကို အဝေးထိန်းမိုင်းနှစ်လုံး နဲ့ တိုက်ခိုက်ခဲ့တာဆိုပေမယ့် တလုံးက ပေါက်ကွဲပြီး နောက်တလုံးကတော့ မပေါက်ကွဲသေးတဲ့အတွက် စစ်ကောင်စီတပ်က ရှာဖွေ တွေ့ရှိသွားပြီး သူတို့ကိုယ်တိုင်ပဲ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းကွဲတဲ့အရှိန်ကြောင့် တရားရုံးရဲ့ မှန်နဲ့တံခါးတွေ ထိခိုက်ပျက်စီးတာမျိုးရှိခဲ့တယ်လို့လည်း တိုက်ခိုက်မှုပြုလုပ်တဲ့အဖွဲ့တဖွဲ့ကပြောပါတယ်။
ဒီနေ့တိုက်ခိုက်မှုကို Brave Eagles(UG) အဖွဲ နဲ့ Dark Shadow (UG) အဖွဲ့က ပူးပေါင်းဆောင်ရွက်တာလို့ ထုတ်ပြန်ထားပါတယ်။
နောက်ပိုင်းတွေမှာလည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်များဖြစ်တဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးပစ်မှတ်တွေကို ထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ တွေက ကြေညာထားပြီးဖြစ်ပါတယ်။
ဒီနေ့ ဖြစ်စဉ်အပြီးမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကြည့်မြင်တိုင်မြို့နယ် တရားရုံးရှေ့က ကမ်းနားလမ်းပေါ် ဖြတ်သန်းသွားတဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးခဲ့ပြီးတော့ အိမ်စီးကားတွေကို ပိုပြီး စစ်ဆေးတာရှိတယ်လို့ သိရပါတယ်။