စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတာကြောင့် NUG အစိုးရ အပါအဝင် စေတနာရှင်ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးကြဖို့ ဗန်းမောက် PDF အဖွဲ့ဝင်တယောက်က မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။
“ကျနော်တို့ PDF ရဲဘော်တွေက အသက်စွန့်ပြီးတော့ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေတဲ့အချိန်မှာ NUG အစိုးရ အပါအဝင် ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ငွေကြေး စတာလေးတွေ ထောက်ပံ့ပေးစေချင်တာပေါ့ဗျာ။ လောလောဆယ် ကျနော်တို့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေဟာ ပြတ်သလောက်ဖြစ်နေပြီး အကြွေးတွေကလည်း ထူနေပြီ။”
လတ်တလောအနေအထားမှာလည်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ စစ်ရေးတင်းမာနေဆဲ အခြေအနေမှာပဲ ရှိနေသလို အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းလောက်ကလည်း စစ်ကောင်တပ်ဖွဲ့ဟာ ပါယကျေးရွာအတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် PDF ရဲဘော်တယောက် ညာဘက်ပေါင်နဲ့ ညာဘက်ချိုင်းအောက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စစ်ကောင်တပ်ဖွဲ့တွေဟာ ကျေးရွာတွေအတွင်းမှာနေပြီး ပစ်ခတ်မှုတွေ ပြုလုပ်နေပေမဲ့ PDF ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ဒေသခံတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ထိခိုက်မှာ စိုးရိမ်တာကြောင့် တိုက်ခိုက်မှုမပြုလုပ်ဘဲ နောက်ဆုတ်ထားတယ်လို့လည်း ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင်စီတပ်နဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့ စစ်ရေးပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတချို့ကို PDF ပူးပေါင်းအဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တာတွေလည်း ရှိပါတယ်။