ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က မင်းချောင်းတံတားအောက်မှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ခရီးသွားစက်လှေ ၉ စီးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေဆီကနေ သိရပါတယ်။
ရန်ကုန်-စစ်တွေကားလမ်းက အမြင့်ကျွန်း (မင်းချောင်း) တံတားအောက်မှာ မနေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ကားတွေနဲ့လာရောက်ပြီး ခရီးသွားစက်လှေ ၉ စီးကို ဖမ်းဆီးသွားတာလို့ မြင်တွေ့လိုက်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီစက်လှေတွေကို စစ်တွေအခြေစိုက် ၂၃၂ တပ်ရင်းက နောက်တန်းမှူး ဦးဆောင်ပြီး စစ်(...)အင်အား ၅၀ လောက်နဲ့ လာဖမ်းတာ။ အဲဒီစက်လှေတွေပေါ်မှာ တစီးကို စစ်(...) ၅ ယောက်စီ လိုက်ပါသွားတယ်။ ဖမ်းဆီးခံရတဲ့ စက်လှေတွေက ဘယ်မြို့နယ်၊ ဘယ်ရွာကဆိုတာ မသိရသေးဘူး။”
စက်လှေ ၆ စီးပေါ်မှာတော့ စားသောက်ကုန်အပြည့်ပါပြီး ကျန်တဲ့ စက်လှေ ၃ စီးကတော့ ကုန်ပစ္စည်းမတင်ရသေးဘဲ အဲဒီစက်လှေတွေကို အငူမော်ကို ၁ စီး၊ ရသေ့တောင်မြို့ကို ၁ စီး၊ ရသေ့တောင်မြို့နယ် စေတီပြင်ကို ၁ စီးနဲ့ ဘူးသီးတောင်မြို့ဘက်ကို ၆ စီး ဖမ်းခေါ်သွားတာလို့ စုံစမ်းသိရကြောင်း ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ နေ့လယ်ပိုင်းက အမြင့်ကျွန်းရွာနဲ့ ချီလိုင်ဖားရွာတွေကို အိမ်ထောင်စုစာရင်းတွေ ဝင်ရောက်စစ်ဆေးပြီးမှ စက်လှေတွေကို တံတားအောက်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ပေါက်တောမြို့နယ် စောမဲကျီဆိပ်ကမ်းမှာလည်း အောက်တိုဘာ ၈ ရက် မနက်ပိုင်းက ဒေသခံပြည်သူတွေရဲ့ စက်လှေ ၂ စီးကို စစ်ကောင်စီရေတပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။