ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့ တင်ပြထားပြီလို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ပြန်ပြောဆိုပါတယ်။
သူနဲ့အတူ ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ခေါင်းဆောင်တွေဟာ အခုအခါ အသက်အရွယ်ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူတွေရှိသလို လူမှုရေးနဲ့ တခြား အခက်အခဲတွေရှိလာတာ၊ ပါတီနိုင်ငံရေးကို ဆက်လုပ်ဖို့ ဆန္ဒမရှိကြတော့တာကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းဖို့ ဗဟိုအလုပ်အမှုဆောင်တွေက သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာခဲ့တာပါ။
ပါတီကို အောက်တိုဘာ ၁၁ ရက်ကစလို့ ဖျက်သိမ်းတာကို အတည်ပြုဖို့အတွက်လည်း သက်ဆိုင်ရာကို တင်ပြထားတယ်လို့ ဆိုပြီး ပါတီကို ကူညီပံ့ပိုးခဲ့သူတွေ၊ ဖွဲ့စည်းဖို့ ဆောင်ရွက်ချိန်ကနေ ရွေးကောက်ပွဲပြီးနောက် အခု ဖျက်သိမ်းမယ့်အချိန်အထိ ငွေ၊ လုပ်အား၊ ပစ္စည်းတို့နဲ့ ပါဝင်ကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။
ဒီအကြောင်းကို ပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ ပါတီရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိုင်စီဂျေတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက်စွဲဆိုထားတဲ့အပေါ် စစ်ကောင်စီရဲ့ကိုယ်စားပြုသူတွေ သွားရောက်တင်ပြဆွေးနွေးတာအတွက် ဂုဏ်ပြုကြောင်းကို နောက်ဆုံး တင်ထားခဲ့တာပါ။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ် ဧပြီလမှာ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတုန်းက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတချို့ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။