ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်က ယာဉ်အန္တရာယ်ကင်းရှင်းရေး အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ခရီးသွားပြည်သူတွေဆီကနေ အတင်းအကျပ် ငွေကြေးတောင်းခံနေပါတယ်။
ငှက်ပျောကျွန်းလမ်းမှာရှိတဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် အစီး ၂၀ ထက်မနည်းကို ဖမ်းဆီးပြီး တစီးကို ကျပ် ၃၀,၀၀၀ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ်အဖမ်းခံရသူ အမျိုးသားတယောက်က “အရင် ကိုဗစ် ဂိတ်ဟောင်းနေရာမှာ မော်တော်ယာဉ်စစ်တာ။ သူတို့ပြောတော့သာ ယာဉ်စည်းကမ်း အသိပညာပေးပြောပြီး တစီး သုံးသောင်းတောင်းတယ်။ ဒီလောက် စီးပွားရေးတွေ ကျပ်တည်းနေချိန် အမျိုးမျိုး ဒုက္ခပေးနေတာ။ အဖမ်းခံရတာ အစီး ၂၀ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရှိစေရေး အကြောင်းပြပြီး ညောင်တုန်းမြို့မစခန်းမှူး ဒုရဲမှူးညီညီ ဦးဆောင်ကာ စည်ပင်ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဟောင်းနေရာမှာ မော်တော်ယာဉ် ဖမ်းဆီးစစ်ဆေးတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။