မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းခုံသာရွာနားမှာ ကန်ရွာရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး YDF ဘက်က နှစ်ယောက်ကျဆုံး၊ တယောက် ဒဏ်ရာရသွားခဲ့သလို ရဲတွေဘက်လည်း တယောက်သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီလောက်မှာ YDFတပ်ဖွဲ့ရဲ့ ဒုစစ်ဦးစီးချုပ်ကိုဖြိုး၊ YDF တပ်ရင်း ၃ က ရဲဘော်ပွားလေး၊ တပ်ရင်း ၄ က ရဲဘော်နိုင်သိန်းတို့ဟာ ကျွန်းခုံသာရွာနားမှာ ကန်ရွာရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ထိပ်တိုက်တွေပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ပွဲမှာတော့ YDF ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးရဲ့ ဘယ်ဘက်ရင်အုံနဲ့ဘယ်ဘက်ပေါင်ကို ကျည်ဆန်ထိမှန် ကျဆုံးခဲ့သလို ရဲဘော်ပွားလေးကတော့ ဦးခေါင်းထိမှန် ကျဆုံးခဲ့ပြီး ရဲဘော် နိုင်သိန်းကတော့ လက်မောင်းမှာ ဒဏ်ရာရရှိကာ လွတ်မြောက်လာပေမဲ့ ၉ မမ ပစ္စတို သေနတ်တလက်နဲ့ ဆိုင်ကယ်တစီးဆုံးရှုံးခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တာဝန်ရှိသူက ဆိုပါတယ်။
"ကန်ရဲစခန်းကရဲ အင်အား ၈ ယောက်၊ ကျနော်တို့ဘက်က တပ်သား ၃ ယောက် အင်အားမမျှတာကြောင့် ကျဆုံးခဲ့ရတာ။"
တိုက်ပွဲမှာ ကန်ရွာရဲစခန်းက ရဲတပ်ကြပ်ရဲမင်းအောင်ဟာ ဘယ်ဘက်ရင်အုံမှာ တချက်နဲ့ ညာဘက်ရင်အုံ ထုတ်ချင်းပေါက် ထိမှန်ခဲ့ပြီး ည ၈ နာရီလောက် သေဆုံးသွားခဲ့ပြီး ရဲတပ်သား သားကြီးမှာ ခြေသလုံးမှာ သေနတ်ထိမှန်ကာ ခြေသလုံးအရိုးကျေကာ ကျိုးသွားတယ်လို့လည်း YDF ကပြောပါတယ်။
တော်လှန်ရေးရဲဘော် နှစ်ယောက် သေဆုံးတာနဲ့ပတ်သက်လို့ ရက္ခိုင်တပ်တော်(အေအေ)နဲ့ အာလဖာ(၃)စစ်ဒေသအပါဝင် တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက ဝမ်းနည်းကြောင်း သဝဏ်လွှာ တွေပေးပို့ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။