ရန်ကုန် -ရေး -ထားဝယ်- မြိတ် ကားလမ်းပေါ်က ရေး မြစ်ကူးတံတားရဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခု အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်က ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ခြံသမားတဦးက “ပစ်ခတ်မှုအပြီး ရေးမြစ်ကူးတံတားကို အသွားအလာ ပိတ်ဆို့ထားတယ်။ အဓိက ရေးကနေ ကျုံလောင်းရွာဟောင်းဘက်က ရွာကလူတွေ ပိတ်ဆို့ပြီး လုံခြုံရေး တင်းကြပ်ထားတော့ သွားလာလို့ မရဘူး” လို့ ပြောပါတယ်။
မွန်ပြည်နယ် တော်လှန်ရေးအခြေပြုအဖွဲ့ MSRO က ၄၀ မမ နဲ့ ကင်းဂိတ်ကို ပစ်ခတ်ခဲ့ရာ ကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်တယ်လို့ MSRO တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ ရေးမြစ်ကူးတံတားကို ဒေသဆိုင်ရာ PDF တွေ မကြာခဏ ဆိုသလို အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်လေ့ရှိကြကာ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က ၁ ဒါဇင်လောက် ထိခိုက် ကျဆုံးထားပါတယ်။
ဒီကနေ့ မနက်က စကားတောင် ဘုရားစေတီဘက် သွားကားလမ်းမှာ ရဲကားကို ရေး YSTF က မိုင်းခွဲခဲ့ပေမဲ့ ရဲကားထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။