စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရှာဖွေ ဖမ်းဆီးနေတာကြောင့် ဒေသခံ ၂ ထောင်ကျော် နေရပ် မပြန်ရဲသေးဘဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေရပ်မပြန်ရဲသေးတဲ့ ဒေသခံတွေဟာ မုံရွေးရွာ၊ ကြေးမုံရွာ၊ ကုန်းရွာ၊ ကူတောရွေနဲ့ မင်းရွာ တွေက ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။
မုံရွေးဒေသခံပြည်သူ တဦးက “အောက်တိုဘာ ၄ ရက်ကနေ ဒီနေ့အထိ ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ပြီး ဝင်လိုက်၊ ထွက်လိုက်လုပ်နေလို့ မပြန်ရဲသေးဘူး။ ဒီကောင်တွေက PDFနဲ့ တိုက်ပွဲ ဖြစ်ပြီးရင် ဒေသခံတွေ ဖမ်းပြီး သတ်ဖြတ်ကြတယ်” လို့ ပြောပါတယ်။
နေရပ် မပြန်ရတာဟာ ဒီနေ့ဆို ၆ ရက်လောက်ရှိနေပြီး အများစုကတော့ ကျေးရွာအနီးအနားက ကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ခိုလုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မုံရွေးကျေးရွာကနေ စစ်ကြောင်းထိုးပြီး အောက်တိုဘာ ၄ရက် နဲ့ ၅ ရက် တွေမှာ ဒေသခံ နေအိမ် ၇ လုံး ထက်မနည်း မီးရှို့ခဲ့ကြပါတယ်။