စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၉ ရက် မနက်ပိုင်းကစတင်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ထပ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော ဗန်းမောက်မြို့နယ်တောင်ပိုင်း ကျောက်တန်းကျေးရွာနဲ့ လည်ဦးကျေးရွာနားမှာ ရှိတဲ့ တောတွင်းတနေရာမှာ တိုက်ပွဲဖြစ်နေတာပါ။
စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ အောက်တိုဘာ ၃ ရက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၇ ရက်မှာတော့ တိုက်ပွဲ ငြိမ်သက်ခဲ့ရာက အခုမနက်ကစလို့ တိုက်ပွဲ ပြန်ဖြစ် ခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်က စီးမော်ကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ် ၂၅ လုံးကို မီးရှို့ခဲ့ပြီးနောက် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကာ နှစ်ဘက်ထိခိုက်မှု အခြေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးမှာရှိတဲ့ ဒေသခံအများအပြားလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို စစ်ကောင်စီတပ်ရဲ့မီးရှို့မှုကြောင့် စီးမော်ကျေးရွာက နေအိမ် ၂၅ လုံး၊ သောင်ကြီးကျေးရွာက နေအိမ် ၇ လုံး၊ ကျောက်အိုင်ကျေးရွာက နေအိမ် ၃ လုံးနဲ့ ပေပင်ကျေးရွာ က နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။