မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အယူခံကို လာမယ့်ရုံးချိန်းမှာ အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။
အဲဒီအမှုအတွက် အယူခံလျှောက်ထားမှုကို ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့က မော်လမြိုင်ခရိုင်တရားရုံးမှာ နှစ်ဖက် လျှောက်လဲချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အပြစ်မရှိကြောင်း ထပ်မံထွက်ဆိုခဲ့တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ အယူခံလျှောက်ထားချက်ကို လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ အမိန့်ချမှတ်သွားဖို့ ရှိနေပါတယ်။
ဒီအမှုအတွက် ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။