Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ပေးသူ ၃ ဦးနှင့် ရဲချုပ်ဟောင်းတို့ကို အမေရိကန်က ဒဏ်ခတ်အရေးယူ
DVB
·
October 7, 2022
US

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို တရားလက်လွတ်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ရဲချုပ်ဟောင်း ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဒု ဗိုလ်ချုပ်ကြီးသန်းလှိုင်နဲ့  မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ပေးနေတဲ့ စီးပွားရေးသမားပွဲစား ၃ ယောက်နဲ့ ကုမ္ပဏီတခုကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ယူ တာဝန်ခံမှုရှိစေဖို့  အဆိုပါပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား အရေးယူသတ်မှတ်လိုက်တာလို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က   အောက်တိုဘာ ၆ ရက်မှာ  ကြေညာပါတယ်။

ယခင်ရဲချုပ်နဲ့ ပြည်ထဲရေးဒုဝန်ကြီးဟောင်း သန်းလှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဥပဒေမဲ့သတ်ဖြတ်တာ၊  လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြီးအကျယ်ချိုးဖောက်ခဲ့ရာမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်တာဖြစ်ပါတယ်။ 

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ ၂  ရက်မှာ  စစ်ဘက်မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ပွဲစား စီးပွားရေးသမားတွေဖြစ်တဲ့ အောင်မိုးမြင့်၊ လှိုင်မိုးမြင့်၊ မျိုးသစ္စာတို့အတူ Dynasty International ကုမ္ပဏီတို့ကိုလည်း မြန်မာစစ်တပ်အတွက် ရုရှားထုတ်စစ်လက်နက်တွေ ဘီလာရုစ်နိုင်ငံကတဆင့် ဝယ်ယူပေးတာနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့  နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ဒဏ်ခတ်အရေးယူကြောင်း ကြေညာလိုက်ပါတယ်။  

အခုအရေးယူမှုတွေဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ အမတ် ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့  ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှု၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှာ ကလေးတွေကို  စစ်ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ကျူးလွန်နိုင်ဖို့ စစ်တပ်ကို အားပေးအားမြှောက်ပြုနေသူတွေကို  ပစ်မှတ်ထား ရည်ရွယ်လုပ်ဆောင်တာလို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိစေဖို့  မိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်၊ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားဖို့ သံန္နိဋ္ဌာန်အခိုင်အမာဆက်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်မှာပြောပါတယ်။

လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ၊လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိပေးအပ်နိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည် ရောက်ရှိဖို့ လည်း ဝန်ကြီးဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၈လကျော်ကာလ စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး  မြန်မာစစ်တပ်ဟာ စိတ်တိုင်းကျအုပ်ချုပ်နိုင်စေဖို့ ရက်ရက်စက်စက်နှိပ်ကွပ် ကြိုးပမ်းတဲ့အနေနဲ့ လူပေါင်းထောင်ချီသတ်ဖြတ်ခဲ့တာ၊ လူပေါင်းတစ်သန်းကျော် နေရပ်စွန့်ခွာစေခဲ့တာ၊ ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားသူတွေ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းတာစတဲ့ အကြမ်းဖက်မှုတွေ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

Photo- US Embassy

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024