Home
မြန်မာသတင်း
မိုးကောင်းတွင် CDM ဆရာမ ၁ ဦးနှင့် ဆန္ဒပြ လူငယ် ၃ ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံရ
DVB
·
October 7, 2022
311115970_190588673438041_2234256909649239473_n

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတယောက်နဲ့ လူငယ်သုံးယောက်ကို မိုးကောင်းမြို့နယ်တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

CDM ပြုလုပ်ကာ Kaung for You Education မှာ သင်ကြားလို့ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဆရာမ ဒေါ်စိုးမြမြကို ထောင်ဒဏ် ၅ နှစ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်သုံးယောက်ကိုတော့ ထောင်ဒဏ် ၂ နှစ်ဆီ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

တရားရုံးနဲ့နီးစပ်သူ အမျိုးသားတယောက်က “အမိန့်ချတာကတော့ စက်တင်ဘာ ၃၀ ရက်နေ့က အမိန့်ချတာ။ ဒေါ်စိုးမြမြကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(က) ထောင်ဒဏ် ၅ နှစ်နဲ့ ဆန္ဒပြတယ်ဆိုပြီး အဖမ်းခံရတဲ့ လူငယ်သုံးဦးကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ဆီ ချလိုက်တယ်။ အခုလက်ရှိကတော့ မိုးကောင်းအချုပ်ထဲမှာပဲ” လို့  ပြောပါတယ်။

ထောင်ဒဏ်ချခံရသူတွေကတော့ ဆရာမ ဒေါ်စိုးမြမြ အပါအဝင် မောင်မင်းသန့်နိုင်၊ မောင်ဟိန်းဇာအောင်နဲ့ မောင်အာကာဟိန်းတို့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဆားမှော်ကျေးရွာ NLD ဥက္ကဋ္ဌ ဦးအောင်ဌေးဦး၊ မြို့နယ် NLD အလုပ်အမှုဆောင် ဦးကျော်ထက်ဝင်း၊ NLD ပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌတွေဖြစ်တဲ့  ဦးညီညီဝင်းနဲ့ ဦးဝင်းဦးတို့ အပါအဝင် NLD ပါတီဝင် ၁၀ ယောက်ထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024