ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုး ဩဂုတ် ၆ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ညနေ ၅ ခွဲ လောက်က နမ္မတူ မိတ္တူဆိုင်ရှေ့။ မြို့ထဲတင်အပစ်ခံရတာ၊ ပွဲချင်းပြီး သေတယ်” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မည်သူတွေက ပစ်သတ်ခဲ့တာကို မသိရပေမယ့် အမှုသည်တွေထဲက ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
အမည်မသိလူ ၂ ဦးက ဆိုင်ကယ်နဲ့ ရှေ့ကနေ လာရောက် ပစ်ခတ်သွားပြီး ခေါင်း ရင်ဘတ်၊ ဗိုက် တို့မှာ ၄ ချက် ထိတယ်လို့ ဆိုပါတယ်။
ဒေသခံ ၁ ဦးကလည်း "ဟုတ်တယ်။ ညနေတုန်းက။ ပြစ်ဒဏ်ချတာနဲ့ ပတ်သက်ပြီး မကျေနပ်တာ မဟုတ်ရင် ဘာရန်ညှိုးမှ မရှိဘူးလေ" လို့ ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဲဒီအနီးနား စစ်ဆေးမှုတွေလုပ်နေကြောင်း ဒေသခံတွေက ဆိုပါတယ်။
ပစ်သတ်ခံရသူက အသက် ၃၀ ကျော် အရွယ် မြို့နယ် တရားသူကြီး ဦးရာဇာမင်းစိုးဆိုသူဖြစ်ပြီး မူဆယ် နှလုံးလှပရဟိတအဖွဲ့က ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ- တရုတ်နယ်စပ်၊ မူဆယ်မြို့မှာ မကြာခဏသလို ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေပြီး တရားသူကြီး ပစ်သတ်ခံရတာကတော့ ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်အပါအဝင် လက်အောက်ခံဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ အခြေချလှုပ်ရှားနေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ကြောင်း၊ နယ်စပ်မြို့ဖြစ်တာကြောင့် လောင်းကစားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှု၊ ဒုစရိုက်မှု၊ မှောင်ခိုကုန်သွယ်မှုနဲ့ အကျင့်ပျက်ချစားမှုတွေ ပေါများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။