ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှာ အမျိုးသားတယောက် ဒီကနေ့ ညက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ဘုရင့်နောင် (၁) ရပ်ကွက် တပင်ရွှေထီးလမ်းမပေါ်ရှိ ထမင်ဆိုင်ရှေ့ မတ်တပ်ရပ်နေစဥ် လမ်းလျှောက်လာသူတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူ့ရဲ့ ဆိုင်ရှေ့မှာ မတ်တပ်ရပ်နေတုန်း လမ်းလျှောက်လာတဲ့သူက ပစ်ပြီး ပြေးသွားတာ၊ ရင်ဘတ်ကို ထိသွားတယ်။ လူနာတင်ယာဥ်တွေရော၊ စစ်ကားတွေရော ရောက်နေတယ်" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဒေါ်သန်းစိန်ထမင်းဆိုင်ပိုင်ရှင် ဦးသိန်းမြင့်ဦးဖြစ်ပြီး ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာနဲ့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"သူက တပ်ကအငြိမ်းစားယူလာတာ အရာရှိပဲ အဆင့်တော့ မသိဘူး၊ ဒဏ်ရာက စိုးရိမ်ရတယ် အခုဆေးရုံမှာ။"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်အရ စစ်မှုထမ်းဟောင်းလို့သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုမပြုနိုင်သေးပါဘူး။
လက်တလောမှာ စစ်ကောင်စီတပ်တွေက သမိုင်းလမ်းဆုံနဲ့ ဘုရင်နောင်လမ်းဆုံတွေမှာ ကားတွေနဲ့လူတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက်ပိုင်းကလည်း ရွှေပြည်သာ၊ တောင်ဥက္ကလာပနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့် ဆယ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လှိုင်၊ စမ်းချောင်း၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူအချို့ ရှိခဲ့ပါတယ်။