ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့က လုပ်ငန်းရှင်တွေကို စစ်ကောင်စီဗျူဟာမှူးက အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းမှာ ခေါ်ယူပြီး အေအေကိုကူညီရင် ပိုင်ဆိုင်မှုတွေနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှာ မနေ့ နေ့လယ်ပိုင်းမှာ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး စစ်ကောင်စီဗျူဟာမှူးက ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပြီး သူတို့အခန်းထဲကိုဝင်ချိန်မှာ လက်ကိုင်ဖုန်းတွေ အားလုံးကို အပ်ထားခဲ့ရပြီး တံခါးကို အလုံပိတ်ထားတယ်လို့ ပုဏ္ဏားကျွန်မြို့က လုပ်ငန်းရှင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီရဲ့ ဗျူဟာမှူးက ခင်ဗျားတို့ ဟိုလိုလို ဒီလိုလို မလုပ်နဲ့။ အေအေကို မကူညီနဲ့၊ မထောက်ပံ့နဲ့။ ဟိုလိုလို ဒီလိုလို လုပ်ရင်တော့ ခင်ဗျားတို့ပိုင်ဆိုင်မှုတွေအားလုံး သိမ်းပြီးတော့ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိတယ်။ မကျေနပ်ရင် သွားပြီးလက်နက်ကိုင်။ ကျနော်တို့မှာ အပေါဆုံးက ကျည်ပဲ။ ကျနော့်မိသားစုက ပုဏ္ဏားကျွန်းမှာ တယောက်မှမရှိဘူး။ ခင်ဗျားတို့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်လိုဖြစ်သွားမယ်။ လက်နက်ကြီးကျည်တလုံးကို သိန်း ၅၀ ကုန်ကျတယ်လို့ ခင်ဗျားတို့တွက်ရင် မှားလိမ့်မယ်။ နိုင်ငံခြားကဝယ်ရင်တော့ ဟုတ်တယ်။ ကျနော်တို့ ပြန်ထုတ်လိုက်ရင် ၁၀၀ တန်တခုက ၂၀ နဲ့ရတယ်။ ကျနော်တို့ ကြိုက်သလိုသုံးလို့ရပြီး အပေါဆုံးက ကျည်ပဲ။ ကျနော်တို့ဟာ ကြေးစားတွေနော်။ ပိုက်ဆံယူပြီးတော့ အမှုထမ်းနေတာ” လို့ ခြိမ်းခြောက်တာကြောင့် စိတ်တိုပြီး ထမင်းတောင်မစားနိုင်ဘူးလို့ ပုဏ္ဏားကျွန်မြို့က လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဆက်လက်ပြီး သူက “အဲဒီနောက် ခမရ ၅၅၀ တပ်ရင်းမှူးဝင်လာပြီး ကျနော်တို့ ၅၅၀ တပ်ရင်းက ၂၅ နှစ်ရှိပြီ။ ပုဏ္ဏားကျွန်းမြို့ခံတွေနဲ့ဆိုရင် ဆွေမျိုးတွေလို ဖြစ်နေပြီး အခုမှသာ အကြောင်းကြောင်းကြောင့် ခွဲခွာပြီးနေနေရတာ စိတ်မကောင်းဖြစ်မိတယ်။ အခုလည်း မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်ဘက်တွေမှာ အနည်းနဲ့အများဖြစ်နေပြီး ကျနာ်တို့မြို့မှာ အခုထိ ဘာမှမဖြစ်သေးလို့ ဒီအခြေအနေကို မြို့မိမြို့ဖတွေအနေနဲ့ ဝိုင်းဝန်းထိန်းသိမ်းပေးကြပါ။ တကယ်လို့ မလွှဲသာလို့ အထက်အမိန့်အရ ဖြစ်လာမယ် ဆိုရင်တော့ ခင်ဗျားတို့ ရှောင်တိမ်းပေးကြပါ။ မြို့ထဲမှာမနေကြပါနဲ့လို့ လေးလေးနက်နက် မှာချင်တယ်ဆိုပြီး ၂ ကြိမ်ပြောဆိုသွားတယ်” လို့ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က လုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို စက်တင်ဘာ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်က ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို အခွန်မဆောင်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။