ကာတွန်းဆရာ ရာဇာသာစည်ဟာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ကြို့ပင်သာရပ်က နေအိမ်မှာ အောက်တိုဘာ ၅ ရက် နေ့လယ် ၂ နာရီ ၅၀ မိနစ်က ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဆရာက သာစည်ရဲ့ ကြယ်တပွင့်ပါ။ ခေတ်ကာလကို ထင်သာမြင်သာတဲ့ သရော်တဲ့ ကာတွန်းတွေ ရေးခဲ့တယ်။ ဂျာနယ်တွေမှာရေးတယ်။ ဂျာနယ်ခေတ် မှေးမှိန်တော့ ဝင်ငွေ မရှိသလောက် ဖြစ်သွားတယ်။ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရင်း ကွယ်လွန်သွားတာပါ။ အသက် ၄၄ နှစ်ပဲ ရှိပါသေးတယ်။”
မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းကလည်း အထူးပင် ဝမ်းနည်းကြေကွဲကြောင်းနဲ့ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေကို ပရိသတ်နဲ့အတူ သတိတရ ရှိနေမှာဖြစ်ပြီး ကာတွန်းလောကအတွက် ဂုဏ်ယူစရာအဖြစ် ကျန်ရစ်နေမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။
ကာတွန်းဆရာ ရာဇာသာစည် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက ဆုတောင်မေတ္တာပို့သရင်း ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်လို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်တာ တွေ့ရပါတယ်။
ကာတွန်းဆရာ ရာဇာသာစည်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၆ ရက်နေ့မှာ သင်္ဂြိုဟ်ဖို့ အစီအစဉ်ရှိပါတယ်။