ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာက နေအိမ်တလုံးကို အောက်တိုဘာ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ်အခြေစိုက် စ.ခ.က ၉ က စစ်ကောင်စီတပ်အင်အား ၆၁ ယောက်ဟာ မနေ့ည ၇ နာရီ လောက်မှာ ခေါင်းတုတ်ကျေးရွာကို ဝင်ရောက်ကာ ဒေသခံရွာသား နှစ်ယောက်ကို ဖမ်းဆီးစစ်ဆေးပြန်လွှတ်ပေးအပြီးမှာ ရွာသား ကိုမောင်ငြိမ်းရဲ့ အိမ်ကို မီးရှို့သွားတာလို့ ခေါင်းတုတ်ကျေးရွာသားတယောက်က ပြောပါတယ်။
“အဲဒီစစ်(...)တွေဟာ ပြန်ချင်ယောင်ဆောင်ပြီး ခေါင်းတုတ်ရွာ အနောက်ဘက်က ဆက်သွယ်ရေးတာဝါတိုင်နားမှာ ကင်းပုန်းဝပ်နေရာယူပြီး တနာရီ လောက်အကြာမှာတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ယမ်းကားတာ။ ရွာထဲကိုပြန်ဝင်လာပြီး ကိုမောင်ငြိမ်းရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြလို့မီးလောင်ကျွမ်းခဲ့သလို ဘေးနားက လက်ဖက်ရည်ဆိုင်က ဝါးထရံကိုလည်း အနည်းငယ်မီးလောင်ခဲ့တယ်။ အဲဒီ စစ်(...)တွေက ပထမတကြိမ် ဝင်လာတော့လည်း ကိုမောင်ငြိမ်းကိုမေးတာဗျ။ ဒုတိယအကြိမ် ထပ်ဝင်လာတော့လည်း ကိုမောင်ငြိမ်းကိုပဲမေးတော့ မတွေ့တာနဲ့ ငါးမရတွင်းဖျက် ဆိုသလိုဘဲ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြတာ”။
ခေါင်းတုတ်ရွာမှာက အများစုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဖြစ်တာကြောင့် စစ်ကောင်စီတပ်ကို သတင်းပေးပို့တာဖြစ်နိုင်သလို ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ လူငယ် နှစ်ယောက်ကလည်း ကြောက်လန့်ပြီး ပြန်ဖြေခဲ့လို့ စစ်ကောင်စီတပ်တွေက ကိုမောင်ငြိမ်းကို လာရှာကာ နေအိမ်မီးရှို့သွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်တို့ အခုနှစ် သြဂုတ်လက စတင်ကာ တကျော့ပြန်တိုက်ပွဲတွေဖြစ်နေသလို မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။