စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းအပါအဝင် သူ့ရဲ့မိသားစုကို အောက်တိုဘာ ၅ ရက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
NLD ပါတီတာဝန်ရှိသူတစ်ဦးက “မနေ့ ၈ နာရီလောက် ဟုမ္မလင်းမြို့နယ် တိုင်း ၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း ဖမ်းဆီးခံရတယ်။ မုံရွာမှာ ဖမ်းဆီးခံရတာပါ။ သူတို့မိသားစုလိုက် ဖမ်းဆီးခံရတယ်။ သူက ရှောင်နေတာ ကြာပြီ။ အခု ဖမ်းဆီးခံရတယ်” လို့ ပြောပါတယ်။
ဦးကျော်ဆွေဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ဝမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက် ဖမ်းဆီးခံရပြီး ၂ ယောက်က ထောင်ကနေပြန်လွတ်လာပြီး ၂ ယောက် ကတော့ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးခဲ့ပါတယ်။
ပြန်လာလွတ်လာသူ ၂ ယောက်က ဦးကျော်သောင်းနဲ့ ကိုသန်းလှိုင်ကြီးတို့ဖြစ်ပြီး စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးသူတွေကတော့ ဦးဝင်းမြင့်အောင်နဲ့ မြင့်ထိုက်ဦးဖြစ်ကာ လက်ရှိ ဖမ်းဆီးခံရသူတွေက ကိုထွန်းဝေ၊ ကိုကျော်ဆွေဝင်း၊ ဒေါက်တာမြင့်နိုင်၊ ဦးခင်မောင်လှ၊ ဒေါ်ခင်စန်းလှိုင်၊ ဒေါ်ခင်မွှေးလွင်တို့ ဖြစ်ပါတယ်။