မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ ခွဲနာရီအချိန်လောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲစခန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ အဆိုအရ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာတာ မရှိကြောင်းနဲ့ အဆောက်အဦတချို့သာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် အနီးနားပတ်ဝန်ကျင်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာကို ယာယီ ထွက်ပြေးတိမ်းရှောင် နေထိုင်ခဲ့ရတာပါ။
ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ကလည်း KNLA နဲ့ ကျိုက်ထိုတော်လှန်ရေးအင်အား KRF ပူးပေါင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရတာတွေ ရှိနေခဲ့ပါတယ်။