စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာမှာ အောက်တိုဘာ ၃ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီး တယောက် ထိမှန် သေဆုံးကာ ရွာသားတယောက် ဒဏ်ရာရခဲ့တယ်လို့ မောင်းထောင်ဒေသခံတွေက ပြောပါတယ်။
အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဘုတလင်ကနေ မောင်းထောင်ရွာကို ဝင်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး အခုလိုပစ်ခတ်တာကြောင့် အသက် ၄၀ လောက်ရှိ မနှင်းဆိုသူ အမျိုးသမီး သေဆုံးခဲ့သလို အမျိုးသား တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ တဦးက“ရွာတွေထဲဝင်ရင် လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်လာတာဆိုတော့ သူတို့ လာတိုင်း ရွာသားတွေ ထွက်ပြေးနေရတာ။ ရွာသားတွေ ရွာထဲကနေ မထွက်၊ ထွက်အောင်ကို လုပ်နေတာ။ အဲဒီလိုထွက်မှ သူတို့ လိုချင်တာယူလို့ရမှာ”လို့ ပြောပါတယ်။
အခု သေဆုံးသွားတဲ့ မနှင်းဟာ အရင်တကြိမ် မောင်းထောင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက် ပစ်ခတ်လို့ ပေါင်မှာ ဒဏ်ရာရခဲ့ဖူးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မောင်းထောင်ရွာကို အကြိမ်ကြိမ်ဝင်ရောက်ပြီး ရွာသားတွေကို အခုလို ပစ်သတ်တာဟာ စက်တင်ဘာလထဲမှာတင် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာ ရခဲ့ဖူး တယ်လို့ ဘုတလင်ဒေသခံတွေက ပြောပါတယ်။ ဒါအပြင် ဆုံကုန်းရွာက ရွာသား နှစ်ယောက်ကိုလည်း ပစ်သတ်ခဲ့ဖူးသေးတယ်လို့ သိရပါတယ်။
အခုလို ဘုတလင်မြို့နယ် စစ်ဆင်ရေးနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးလို့ ရွာသားတွေ သေဆုံးတာနဲ့ပတ်သက်လို့လည်း သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။