ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ နဂရာကျေးရွာကို စက်တင်ဘာ ၁၉ ရက်ကစလို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေအနေနဲ စစ်ဘေးရှောင် စခန်းတခုခုမှာ ခိုလှုံခွင့်ရရှိဖို့ အကူညီတောင်းခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂရာရွာခံ တဦးက “နဂရာကျေးရွာကို ကျောက်တော်အခြေစိုက် စ.ခ.က ၉ တပ်မက စက်တင်ဘာ ၁၉ ရက်ကနေ ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ ပစ်နေလို့ အိမ်ခြေ ၅၀ လောက်က ဒေသခံ ၂၀၀ ကျော်လောက် ညောင်ချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတယ်” လို့ ပြောပါတယ်။
ရွာမှာ အိမ်ခြေ ၂၂၂ လုံးနဲ့ လူဦးရေ ၁၂၆၃ ယောက်ရှိတာကြောင့် ကျန်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် နေထိုင်စားသောက်ရေး အခက်ခဲ ဖြစ်နေလို့ သက်ဆိုင်ရာ INGO၊ NGO တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေအနေနဲ့ စစ်ဘေးရှောင် စခန်းတွေမှာ နေရာချပေးဖို့ အကူညီတောင်းခံတယ်လို့ ရွာမိရွာဖ တဦးက ပြောပါတယ်။
နဂရာကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေလို့ အသက် ၈ နှစ်အရွယ်ကလေးငယ် တယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးကာ ပြည်သူတချို့ ဒဏ်ရာ ရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရွာမှာကျန်ခဲ့တဲ့ ဒေသခံတွေဟာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်မှာ ကြောက်လန့်ပြီး ညဘက်ဆိုရင် ဘေးလွတ်ရနေရာတွေမှာ ဖြစ်သလို ပုန်းခိုနေကြရပြီး နေ့ဘက်ဆိုရင်တော့ ရွာထဲမှာပြန်ဝင်နေကြလေ့ရှိပါတယ်။
စစ်တပ်က အရင်က ညဘက်တွေသာ လက်နက်ကြီး ပစ်ခတ်ပေမဲ့ အခုရက်ပိုင်းမှာတော့ နေခင်းဘက်မှာပါ ပစ်ခတ်နေပြီး စက်တင်ဘာ ၂၉ ရက်ကလည်း လက်နက်ကြီးကျည် ထိမှန်လို့ ခွေးတကောင် သေဆုံးခဲ့တယ်လို့ ရွာသားက ပြောပါတယ်။
စစ်ကောင်စီတပ်က နဂရာကျေးရွာကို စားနပ်ရိက္ခာသယ်ယူခွင့်တွေပါ ပိတ်ဆို့တားမြစ်ထားလို့ ရိက္ခာနဲ့ ဆေးဝါးတွေလည်း အခက်ခဲတွေ ကြုံတွေ့နေကြရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေ တယ်လို့ ရွာသားတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ သြဂုတ်လကစပြီး တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး လက်နက်ကိုင် ၂ ဖွဲ့လုံးက ခရီးသည်တင်နဲ့ ကုန်တင်ယာဥ်တွေ သွားခွင့်မပေးတာနဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပါတယ်။