မန္တလေး၊ အိုးဘိုထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဖိနှိပ်မှုတွေရှိပြီး စက်တင်ဘာ ၁၇ ရက်က အကျဉ်းသားတယောက် အချိန်မီ ဆေးကုသခွင့် မရတာကြောင့် သေဆုံးခဲ့ပါတယ်။
အိုးဘိုထောင် အိပ်ဆောင် ၃၊ အခန်း ၆ က အကျဉ်းသားတယောက် ည ၇ နာရီမှာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေတာကြောင့် တာဝန်ကျ အကျဉ်းဦးစီးဝန်ထမ်းတွေကို အကြောင်းကြားခဲ့ပေမဲ့ လာရောက်ကုသပေးတာမရှိခဲ့ဘူးလို့ အကျဉ်းထောင်အတွင်းက ပေးတဲ့စာမှာ ဖော်ပြပါတယ်။
ဒီလို လာရောက်ဆေးကုသပေးတာမရှိတဲ့အတွက် ည ၁၀ နာရီ ၄၅ မိနစ် မှာ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့ရတဲ့အတွက် နိုင်ငံရေးအကျဥ်းသား/သူတွေနဲ့ တခြားအကျဥ်းသား/သူတွေက မန္တလေး အိုးဘိုထောင်ရှိ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေးသပိတ်အင်အားစုက “ဖိနှိပ်မှုဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတဲ့ သူရဲကောင်းတွေရဲ့ အသံဟာ ကျနော်တို့ပြည်သူတွေရဲ့ အသံလည်း ဖြစ်ပါတယ်။ အကျဥ်းထောင်တွင်း အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ICRC အနေနဲ့ ထိရောက်စွာ အကူအညီပေးဖို့ တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်နေတာ၊ အပြစ်ရှာတိုက်ပိတ်တာ၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာမရတာ၊ ထောင်ပိုင်ကြီးတွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ယုံကြည်တွေကို လှောင်ပြောင်ပြောဆိုခဲ့တာတွေအတွက် ပြန်လည်ပေးဆပ်ရမယ်လို့ နိုင်ငံရေးအကျဥ်းသား/သူတွေက ထောင်တွင်းပေးစာကနေတဆင့် အသိပေး ထုတ်ပြန်ထားပါတယ်။