ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီကျော်က မိုင်းပေါက်ကွဲပြီး လူငယ် တယောက် ခြေနှစ်ဖက်လုံး ပြတ်သွားတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။
မိုင်းထိသွားတဲ့ လူငယ်မှာ မောင်စိုးနိုင်ကျော် (၁၈) နှစ်ဖြစ်ပြီး မြောက်ဦးမြို့ မြင်ခုံတန်းရပ်ကွက် သစ်ခွစာတောင်မှာ မိုင်းပေါက်ကွဲပြီး ခြေနှစ်ဖက်လုံး ပြတ်သွားတာလို့ ကူညီဆောင်ရွက်ပေးခဲ့သူ တဦးက ပြောပါတယ်။
"ခြေက နှစ်ဖက်လုံးပြတ်သွားတယ်ဗျာ။ အခုတော့ သူကို မြောက်ဦးခရိုင်ဆေးရုံမှာ အရေးပေါ် လူနာအဖြစ် တင်ထားရတယ်။ သူက အဲဒီတောင်ပေါ်မှာ မှိုသွားခူးတာ။ အဲဒီမှာ မှိုင်းပေါက်ကွဲပြီး ခြေပြတ်သွားတာ။"
အခုမိုင်းထိသွားတဲ့ လူငယ်လေးဟာ သစ်ခွတောင်နားက ဝပ်ရှော့ဆိုင်တခုမှာ အလုပ်လုပ်နေသူ တဦးဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
မိုင်းပေါက်ကွဲတဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်တွေက ယာယီ တပ်စွဲထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်မှာ အရင်က စစ်တပ်မြေနဲ့ တိုက်ပွဲဧရိယာ တောတောင်တွေမှာသာ မိုင်းပေါက်ကွဲမှုတွေ ရှိပြီး အခုမြို့ပေါ်ရပ်ကွက်တွေအထိ မိုင်းပေါက်ကွဲမှုတွေ ရှိလာတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်းမှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးသူ ၂၀ နီးပါးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။