ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်ကျေးရွာမှာ ရွာသား ၂၀၀ လောက် စစ်ဘေးမရှောင်နိုင်ဘဲပိတ်မိနေပြီး သပိတ်တောင်ရွာသား ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂူတာပြင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲကစပြီး ညပိုင်းအထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန်ခွါထွက်ပြေးနေကြတာဖြစ်ပါတယ်။
ဒါ့ပေမဲ့ စစ်ကောင်စီတပ်တွေက ဂူတာပြင်မွတ်ဆလင်ကျေးရွာမှာ တပ်စွဲထားတာကြာင့် အနီးနားက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျောက်စာတိုင်ကျေးရွာက ရွာသားတွေ စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
ကျောက်စာတိုင်ရွာသားတဦးက "ဂူတာပြင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ကြတဲ့နေ့ ကတည်းက ရွာသားတဝက်လောက် ဘူးသီးတောင်နဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးသွားကြတယ်။ ကျန်တဝက်က ပိတ်မိပြီးကျန်နေခဲ့ကြတာ။ စစ်တပ်က ဂူတာပြင်မှာတပ်စွဲထားတော့ ဘယ်သူမှာမသွားရပဲ ပိတ်မိနေကြတာ။"လို့ ပြောပါတယ်။
ဂူတာပြင်ကျေးရွာအုပ်စုမှာ တိုက်ပွဲမဖြစ်ပွားခင် စက်တင်ဘာလ ၂၄ ရက်နေ့က သပိတ်တောင်ကျေးရွာနေ ကျောင်းသား ၂ ယောက် အပါအဝင် ဒေသခံ ၆ ယောက်ကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ကျောင်းသားလေးတွေရဲ့ မိခင်ဖြစ်သူက "ကျမသားလေးနှစ်ယောက်က ကျောင်းတက်နေကြတာပါ။ စစ်တပ်က မီးရှို့လို့ အိမ်တွေလည်း မီးလောင်သွားပါပြီ။ သူတို့ဖမ်းသွားတာ အခုဆို ၆ ရက်ရှိပြီ။ ဘယ်ကိုခေါ်သွားသလဲဆိုတာလည်း မသိရဘူး။ အဆက်အသွယ်လည်း ဒီနေ့အထိမရသေးပါဘူး။ သပိတ်တောင်က ဖမ်းသွားတာ ၆ ဦးရှိပါတယ်"လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရွာသားတွေကတော့ ကိုညွန့်ဝင်း(၃၅)နှစ်၊ ကိုရွှေထွန်း(၃၆)နှစ်၊ ကိုမောင်မြင့်ဝင်း (၃၇)နှစ်၊ မောင်ထွန်းသာလှ (၂၀)နှစ် ၊ မောင်သန်းထွန်းအောင်(၁၆)နှစ်နဲ့ ကိုမောင်ဖြူ (၃၇)နှစ်တို့ဖြစ်ပါတယ်။
သူတို့ကို စက်တင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတပ်က သပိတ်တောင်ဘုန်းတော်ကြီးကျောင်းကနေ ကြိုးတုပ်ချည်နှောင်ကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေထံက သိရပါတယ်။
သပိတ်တောင်ကျေးရွာကို စက်တင်ဘာ ၂၃ ရက်ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်ရွာသူရွာသားတွေ ထွက်ပြေးနေကြစဉ် ခိုကျေးရွာရှိ နေအိမ် ၃ အိမ်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက် နေ့လယ်ကလည်း ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာအနီးရှိ နခခ(၈) နယ်ခြားစောင့်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး သပိတ်တောင်မွတ်ဆလင်ကျေးရွာက အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့ရပြီး သပိတ်တောင် မြောက်ရွာသား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြပါတယ်။