မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၂ ယောက်အတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်နဲ့ ချီတက်ဆန္ဒပြပွဲတခုကို စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ National Defence Force (ပေါက်) ကနေ သိရပါတယ်။
NDF (ပေါက်) က ရဲဘော်ပန်ဒါ (ခ) ရှိုင်းထက်အောင်နဲ့ လောရှည် (ခ) ဇင်မင်းထက်တို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ ပေါက်တောင်ပိုင်း ခင်ရှည်ကုန်းတိုက်ပွဲမှာ လက်နက်အင်အား မမျှတလို့ ကျဆုံးခဲ့ကာ ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ၇ လပြည့်ပြီဖြစ်လို့ သူတို့ ၂ ယောက်အတွက် အောက်မေ့အလေးပြုအခမ်းအနားနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့ကြတယ်လို့ NDF (ပေါက်) ရဲ့ တာဝန်ခံ ဗိုလ်စနေက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ သူရဲကောင်း ၂ ယောက်အတွက် သွေးကြွေးကို ပြန်ယူမယ်။ စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်း တိုက်ထုတ်မယ်လို့ ကတိသစ္စာပြုခဲ့ကြပြီး စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြခဲ့ကြတယ်။ ကျနော်တို့ဒေသကို စစ်(...)တွေက MPT ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာလည်း ၁ လကျော်နေပြီဖြစ်လို့ ဆက်သွယ်ရခက်ခဲနေပြီး ဖုန်းလိုင်းတွေ ပြန်မဖွင့်ပေးရင် အဲဒီ တာဝါတိုင်တွေကို ချိုးပြီး တော်လှန်ရေးအတွက် လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုသွားမယ်။”
NDF (ပေါက်) မှာ တပ်ဖွဲ့ဝင်အင်အားတွေ တိုးလာပေမဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေပြီး တူမီးတွေနဲ့သာ တိုက်ခိုက်နေရလို့ မိဘပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။