မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာက စစ်ရှောင် ၂၀၀ ကျော်ဟာ ပြင်ဦးလွင်ခရိုင်အတွင်းက စစ်ရှောင်စခန်းမှာ နေထိုင်နေရပြီး စားနပ်ရိက္ခာနဲ့ အဝတ်အစား အကူအညီ လိုအပ်နေတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရေလယ်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ်ဝင်မီးရှို့ခဲ့တာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ တပတ်ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။
“စစ်ကြောင်းထိုးမှာလည်း စိုးရိမ်ပါတယ်။ နေရပ်ပြန်ဖို့ အခြေအနေကတော့ မဖြစ်နိုင်သေးပါဘူး။ ရာသီဥတုကတော့ မိုးရွာလို့ အေးပါတယ်။ ဆေးဝါးနဲ့ ရိက္ခာ အဓိက လိုအပ်ပါတယ်။”
ရာသီဥတုက မိုးရွာတာကြောင့် စစ်ရှောင်စခန်းမှာ ဖျားနာနေသူတွေရှိနေပြီး ဆေးဝါးတွေလည်း လိုအပ်နေကာ စစ်ရှောင်အမျိုးသမီးတယောက်လည်း ကလေးမွေးဖွားထားတယ်လို့ ပြောပါတယ်။
စစ်ရှောင်တွေက ကျေးရွာကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးလာတာကြောင့် အဝတ်အစားတွေ ပါလာတာ နည်းတဲ့အတွက် အဝတ်အစားတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။