မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့နဲ့အောင်သာယာကျေးရွာကြားမှာ စက်တင်ဘာ ၂၈ ရက်နေ့ ည ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ထဲကို ဖြတ်သန်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာပါ။
စစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း ချုံခိုတိုက်ခိုက်မှုမှာတော့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေ အဆိုအရ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်တာ ကြားရပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေ မသိရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၂၉ ရက်နေ့မှာ မနက်ပိုင်းမှာတော့ ပုံမှန်အတိုင်း သွားလာမှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
သံဖြူဇရပ်-ရေးကားလမ်း တလျှောက်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး တော်လှန်ရေးအင်အားစုတွေကလည်း လမ်းပိုင်းလုံခြုံရေး ယူတာတွေနဲ့ တက်ရောက် စစ်ဆေးတာတွေ ရှိနေပါတယ်။