ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ မိုင်းရှိသည်ဆိုတဲ့ သတိပေးကြေညာချက် ကပ်ထားတဲ့အတွက် စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီတာရပ်ကွက်မှာရှိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး ခြံစည်းရိုး အုတ်တံတိုင်းမှာ မိုင်းရှိသည်၊ ဖြတ်သန်းသွားလာခြင်းမပြုရ ဆိုတဲ့ သတိပေးကြေညာချက် ချိတ်ဆွဲထားတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြတာလို့ ဆိုပါတယ်။
သီတာရပ်ကွက်နေ ပြည်သူတယောက်က “မြို့ပေါ်ရပ်ကွက်ထဲမှာ ဒါမျိုး မိုင်းသတိပေးကြေညာချက် ကပ်တာ တခါမှ မတွေ့ခဲ့ရဘူး။ ကလေးတွေက ခြံစည်းရိုးနား သွားကစားနေတာ။ အဲ့နား သွားမဆော့အောင်တော့ ပြောထားရတယ်။ ကိုယ် သတိလက်လွတ်ဖြစ်နေတဲ့အချိန် အဲ့အနားသွားဆော့လို့ တခုခုဖြစ်သွားမှာ စိုးရိမ်တယ်” လို့ ပြောပါတယ်။
မိုင်းရှိသည် သတိပေးကြေညာချက်ကို စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေ လိုက်ကပ်ခဲ့တာဖြစ်ပြီး အရင်ရက်တွေကလည်း စ.ရ.ဖရုံးနဲ့ ဆုတောင်းပြည့် ဘုရားအနီး ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက Tool Box ဖွင့်ခိုင်းပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးကို စက်တင်ဘာ ၈ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF က သွားရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။