ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက အပြစ်မဲ့ ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာစစ်အုပ်စုအား ဆန့်ကျင် ကန့်ကွက်ဆန္ဒပြပွဲကို ကိုရီးယားရောက်မြန်မာတွေနဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ စုပေါင်းကာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ ဒေသခံတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း တစ်ကျောင်းကို မြန်မာစစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေတဲ့ ကလေးသူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးသူငယ်အ များအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
မြန်မာစစ်အုပ်စုက စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လူမဆန် ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်တယ်လို့ ဆန္ဒပြပွဲပါဝင်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲကို တောင်ကိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး မြန်မာသံရုံးနဲ့ စစ်သံရုံးကို မောင်းထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)က ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲကို မွန်းတည့် ၁၂ နာရီမှ ၂ နာရီအထိ စစ်သံရုံးရှေ့မှာ ပြုလုပ်ခဲ့ပြီး သေဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲလည်း ပြုလုပ်ခဲ့ကြပါတယ်။