မွန်ပြည်နယ်၊ သံဖြူ-ရေးကားလမ်းမှာ စစ်ကောင်စီ ယာဉ် ၁၀ စီးပါ ယာဉ်တန်းကို စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီလောက် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်တောင်ညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီယာဉ် ၁၀ စီးကို သံဖြူဇရပ်မြို့နယ် ပိန္နဲတောရွာနဲ့ အေးကမ္ဘာရွာကြားမှာ မွန်ပြည်နယ်တောင်ညို ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ လောက် သေဆုံးပြီး ယာဉ် ၃ စီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်က အေးကမ္ဘာရွာ အရောက်မှာ ကားတွေရပ်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရွာထဲကို ရမ်းသန်းပစ်ခတ်တာကြောင့် အသက် ၁၇ နှစ်အရွယ် မနုနု ကျည်ထိမှန် သေဆုံးသွားတယ်လို့ မွန်ပြည်နယ် တောင်ညို ပြောက်ကျားတပ်ဖွဲ့က ဝမ်းနည်း ကြောင်း ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီခွဲလောက်ကလည်း အောင်သပြေကျေးရွာနားက စစ်တပ်ပိုင်မိုင် တဲလ်တာဝါတိုင်ကို မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့အတူ မသွားလာကြဖို့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိ တာကြောင့် စစ်ကောင်စီတပ်က အန္တရာယ်ပြုလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရွာသားတဦးက ပြောပါတယ်။
ရေး-မော်လမြိုင် ကားလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို ရေး PDF တွေက မကြာခဏ ချုံခိုတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က ဒါဇင်နဲ့ချီ အထိအခိုက် အကျဆုံးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။