Home
မြန်မာသတင်း
ရေးမြို့နယ် ကလော့ကျေးရွာတွင် အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
September 25, 2022
307504489_408907868070650_6124513877157244375_n

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာမှာ မွန်လူမျိုး အမျိုးသားတယောက်  ညကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူ အသက် ၃၅ နှစ်အရွယ် ဦးနိုင်ဦးဖြစ်ပြီး  ရော်ဘာခြံကို အသွားလမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ရွာသားတဦးက ပြောပါတယ်။  

“ကလော့ကျေးရွာကနေ ရော်ဘာခြံကို အသွားလမ်းမှာ စက်တင်ဘာ ၂၄ ရက် မနက် ၂ နာရီလောက်ရှိမယ် သူက ကင်းပုန်းဝပ်နေတာကို မသိဘဲ သွားမိတော့ စစ်တပ်ကလည်း မသင်္ကာလို့ သေနတ်ပစ်ခတ်လိုက်လို့သေဆုံးသွားခဲ့တယ်”။

ကျေးရွာနေ တခြားဒေသခံတဦးကလည်း “အခုအချိန်က ရာဘာခြံအလုပ်လုပ်တဲ့ချိန်တွေ ဖြစ်တယ်။ ပြီးတော့ ရွာကလူတွေက ရွာမှာဆိုတော့ အခုလို ညဘက်မှာ ဒီနယ်မြေဘက်မှာပစ်တာခတ်တာ မရှိသေးဘူးဆိုတော့ ညမထွက်ရဆိုတာ သိပ်ပြီးသတိမရှိကြသေးဘူးပေါ့နော်။ ဒီမှာက မွန်လူမျိုးတွေ အများဆုံး နေထိုင်ကြတဲ့ရွာလည်းဖြစ်တယ်”လို့  ပြောပါတယ်။

ကလော့ကျေးရွာက  ချောင်းတောင်ကျေးရွာဘက်သွားလမ်းလည်းရှိပြီး စစ်တပ်ကအဓိက PDF တွေ ရဲ့ လှုပ်ရှားနယ်မြေလမ်းကြောင်းကို ပိတ်ဆို့ ကင်းပုန်းချထားတဲ့ နေရာလည်း ဖြစ်သလို မြောက်တပ်ရဲ့ အနီးနားမှာရှိတဲ့အတွက် လုံခြုံရေး ပိုမိုယူထားတဲ့ နေရာလည်းဖြစ်ပါတယ်။

ရေးမြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ညဘက်တွေမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်ပစ်ခတ်သံတွေမှာ ညတိုင်းလိုလိုရှိနေခဲ့တာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေကြတာပါ။

အခုလို စစ်ကောင်စီရဲ့ လုံခြုံရေး ညကင်းသမားတွေရဲ့ ပစ်ခတ်မှုကြောင့် လမိုင်းမြို့ ပရဟိတအမျိုးသားလူငယ် တယောက်နဲ့  ခေါဇာမြို့နေ စိတ်ဝေဒနာရှင်အမျိုးသား တယောက် အပါအဝင် အခုတယောက်နဲ့ပါဆိုရင် အနည်းဆုံး သုံးယောက်  သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024