လာမယ့်ပညာသင်နှစ်ကစပြီး ခရိုင် ၅၀ မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း ၅၀ မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုဘာသာရပ်တွေကို ပေါင်းစည်းထားတဲ့ အထက်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက သိရပါတယ်။
အဲ့ဒီဘာသာရပ်တွေနဲ့ တွဲဖက်ဖွင့်လှစ်မယ့် အထက်တန်းကျောင်းတွေကို ရှိပြီးသား ဒါမှမဟုတ် သင့်တော်တဲ့ အထက်တန်းကျောင်းတွေမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်တွေကို ဘာသာရပ်တခုအနေနဲ့ သီးသန့်တက်ရောက်ရမယ်လို့လည်း ဆိုပါတယ်။
လာမယ့်နှစ်မှာ Grade-10၊ Grade-11၊ Grade-12 အဆင့်အထိ ဖွင့်လှစ်မှာဖြစ်တာကြောင့် အဲ့ဒီ အထူးပြုဘာသာရပ်တွေကို မတက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေးနဲ့ စက်မှုသင်တန်းတွေကို တက်ရောက်နိုင်မှာဖြစ်တာကြောင့် အထက်တန်း အဆင့်မှာ ကျောင်းသား၊ ကျောင်းသူ ၂ မျိုး ဖြစ်သွားလိမ့်မယ်လို့ ပညာရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောပါတယ်။
အဲ့ဒီဘာသာရပ်တွေကို ကျောင်းသားကျောင်းသူတွေ သင်နေကျ ဘာသာတွဲတွေနဲ့ ရောသင်မှာမဟုတ်ဘဲ ကျောင်းသားကျောင်းသူတွေအနေနဲ့ စိုက်ပျိုးရေးအထူးပြု၊ မွေးမြူရေးအထူးပြု၊ စက်မှုအထူးပြု ဘာသာရပ်တွေကို တခုချင်းစီ တက်ရောက်မယ်ဆိုရင်လည်း တက်ရောက်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်တဲ့အထိ တက်ရောက်ရမလား၊ အထက်တန်းအဆင့် ပြီးမြောက်ချိန်မှာ ဘယ်လိုလက်မှတ်မျိုး ပေးအပ်မလဲ ဆိုတာတွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လတုန်းက သူ့လက်ထက်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး သိပ္ပံကျောင်းတွေ၊ ကောလိပ်၊ တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပြီးနောက် ပညာရေးဌာနကို ညွှန်ကြားချက် လုပ်ဆောင်တာပါ။