ပါတီညီလာခံကျင်းပဖို့ နီးကပ်လာတာကြောင့် နေအိမ်တွေမှာ ပါတီအလံလွှင့်ထူဖို့ နေပြည်တော်ရှိ ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကို လာမယ့် အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပြီး ပါတီဗဟိုဌာနချုပ်မှာလည်း ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။
ပါတီညီလာခံကျင်းပဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော်က ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ပါတီအလံထောင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ညွှန်ကြားနေတယ်လို့ ဆိုပါတယ်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတဦးက "အိမ်တွေမှာ အလံထောင်ဖို့ မြို့နယ်အလိုက် ညွှန်ကြားတာတွေတော့ ရှိပါတယ်။ စည်းရုံးရေးမှူးတွေကိုပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒီအချိန်မှာ ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခြားသူတွေ ထောင်ချင်ထောင် ကျနော်ကတော့ အဆင်မပြေနိုင်ဘူးလို့ ပြန်ပြောထားတယ်" လို့ ပြောပါတယ်။
လာမယ့်လအတွင်း ပြုလုပ်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံအတွင်းမှာ ပါတီဥက္ကဋ္ဌနေရာ အပါအဝင် အဓိကခေါင်းဆောင်ပိုင်းနေရာတွေ အပြောင်းအလဲပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း ပါတီဝင်တဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ပါတီညီလာခံပြုလုပ်တော့မယ့်အချိန်မှာ နေပြည်တော်အတွင်းကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ယခင်ကထက် ပိုမိုစစ်ဆေးလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"အစစ်အဆေးတွေက ပိုပြီးများလာတာတော့ အမှန်ပဲ။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ အရင်က မရှိတဲ့နေရာတွေမှာပါ ဘန်ကာတွေဆောက်ပြီး စစ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
နေပြည်တော်အတွင်း အစစ်အဆေး ပိုမိုတင်းကျပ်လာတာဟာ ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကြောင့်ဖြစ်ပုံမရဘဲ အခြား စစ်ဆင်ရေး ကိစ္စရပ်တွေကြောင့်လည်း ဖြစ်ပုံရတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်အချို့က သုံးသပ်ကြပါတယ်။