အလှမယ်ဟန်လေးကို အင်တာပိုစာရင်းမှာ ပါနေတယ်ဆိုကာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ ထိန်းသိမ်းခံနေရတယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။
ဗီဇာကိစ္စနဲ့ ဗီယက်နမ်ကိုသွားပြီး စက်တင်ဘာ ၂၁ ရက် ညနေက ထိုင်းလေဆိပ်ပြန်အဝင်မှာ ထိုင်းရဲတွေက အင်တာပိုစာရင်းမှာ ပါတယ်ဆိုကာ အလှမယ် ဟန်လေးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။
အလှမယ်ဟန်လေးက " မနေ့ညနေက လေဆိပ်လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ညအိပ်ခဲ့ရတယ်။ ဒီနေ့ မနက်မှာ ဗီယက်နမ်ကို ပြန်ပို့ဖို့ လုပ်ပေမယ့် ညီမက UNHCR ကို ဆက်သွယ်ထားတယ်။ UNHCR က လေယာဥ်ပေါ်မတက်ဖို့နဲ့ ဗီယက်နမ် ပြန်သွားရင် မြန်မာဘက်ကို ပြန်ပို့လိမ့်မယ်လို့ ပြောတယ်။" လို့ ပြောပါတယ်။
ဟန်လေးရဲ့ ပတ်စ်ပို့က ပျောက်ဆုံးစာရင်းမှာပါပြီး မြန်မာပြည်ထဲမှာ ပြစ်မှုကျူးလွန်ခဲ့တာကြောင့် ထိန်းသိမ်းထားပေးဖို့ မြန်မာရဲက ဗီယက်နမ်ဘက်ကို သတင်းပို့တယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ မနက်မှာတော့ လေယာဥ်ပေါ်တက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် လေဆိပ်ထွက်ခွာရာနေရာမှာ အစောင့်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။
UNHCR ဘက်က ထိုင်းအစိုးရကို သတင်းပို့ထားတယ်ပြောပေမယ့် တိကျတဲ့ အဖြေမသိရသေးတာကြောင့် စိုးရိမ်နေရတယ်လို့လည်း သူက ပြောပါတယ်။
"ညီမဆိုရင် မြန်မာနိုင်ငံမှာ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူး။ ညီမရဲ့ အခွင့်အရေးကို သုံးပြီး မကြိုက်ဘူးဆိုတာ ပြောခဲ့တယ်။ ညီမ နိုင်ငံခြားရောက်နေတာတောင် အဆင်မပြေဘူး။ မြန်မာနိုင်ငံက လူတွေအတွက် ပိုပြီး ခံစားမိပါတယ်။ "
အလှမယ်ဟန်လေးဟာ ၂၀၂၁ မတ်လ ၇ ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ Miss Grand International 2020 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဥ်ပြိုင်ခဲ့စဉ် မြန်မာနိုင်ငံက အကြမ်းဖက်အခြေအနေတွေကို ရှင်းပြခဲ့ပြီး နိုင်ငံတကာကို အကူအညီပေးဖို့ ပြောခဲ့တာကြောင့် နိုင်ငံတကာမီဒီယာတွေရဲ့ အာရုံစိုက်မှုကိုရခဲ့ပြီး စစ်ကောင်စီကတော့ သူ့ကို နိုင်ငံတော်ပုန်ကုန်မှု ၁၂၄/၁ နဲ့ အမှုဖွင့်ထားပါတယ်။