ပဲခူးတိုင်းအရှေ့ပိုင်းက ကျောက်တံခါး၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီလောက်က KNLA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ကာ မိုင်းတွေလည်း ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗောဓိကွင်း ထရန်စဖော်မာ ပေါက်ကွဲသံကြားလို့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ သွားကြည့်ချိန် မိုင်းထပ်မံပေါက်ကွဲခဲ့တာကြောင့် ပျူစောထီး ၂ ယောက်နဲ့ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ပျူစောထီး ၁ ယောက် ဒဏ်ရာရတယ်လို့ ကျောက်တံခါးမြို့ ဒေသခံတယောက်က ပြောပါတယ်။
ည ၁၀ နာရီမှာလည်း စစ်တောင်းမြစ်အရှေ့ခြမ်း နတ်သံကွင်းတံတားထိပ်ကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ အချက် ၂၀ ကျော် လှမ်းထုလို့ နတ်သံကွင်း ၇ ရပ်ကွက်က အသက် ၄၀ ကျော် ကရင်အမျိုးသမီးရဲ့ တင်ပါးကို လက်နက်ကြီးစ ရှပ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကျင်မြို့နယ် ပဒဲကော ဘောကထှာ ကနေလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တပ်ရင်း ၉ ဘက်ကို တညလုံး ပစ်နေခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ကေအန်ယူ တပ်မဟာ ၃ ဘက်ကို စစ်အင်အားတိုးကာ စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဥ်တွေလည်း နေ့စဥ်နီးပါး ပျံဝဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။