ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်း ဒေသခံပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူးကို ကျုံတားကျေးရွာနားမှာ ရိုးမတိုက်ဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းသွားတာကြောင့် ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ရိုးမတိုက်ဂါးအဖွဲ့ တာဝန်ရှိသူ တယောက်က “ကျနော်တို့တွေက ဘေးကင်းလုံခြုံတဲ့ နေရာကို ရောက်နေပါတယ်။ စခတွေက ဘာမှမဆိုင်တဲ့ ပြည်သူတွေကို ရမ်းဖမ်းနေတာပါ။ အတော်ဆိုးတဲ့ လုပ်ရပ်ပါဗျာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံအများစုဟာ ဇရပ်လှကျေးရွာ၊ ကျုံပတုတ်ကျေးရွာနဲ့ ပိတောက်ချောင်ကျေးရွာအုပ်စုက ဒေသခံတွေဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအချို့နဲ့ CDM ဝန်ထမ်းအချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်နေ့က စတင်ကာ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို အင်အား ၃၀ လောက်နဲ့လာပြီး ဒေသခံလူငယ်တွေကို စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။