ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက တောင်ပြိုဗျူဟာကို ရေကြောင်းကနေ စစ်လက်နက်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီ ရေယာဥ် ၂ စီးကို စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီကျော်မှာ ရက္ခိုင့်တပ်တော် (အေအေ)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပြိုဒေသခံတဦးက "တောင်ပြိုဗျူဟာကို မောင်တောဘက်ကနေ စစ်လက်နက်အင်အား လာပို့တဲ့ စက်လှေ ၂ စီးကို အေအေက ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။ မော်တော်ဘုတ် တစီးမှာ စစ်သား ၄ ယောက်ပဲပါတယ်။ ဘုတ်သမားတွေ ပါတယ်။ လက်နက်တွေ အပြည့်တင်လာတာ။ အရပ်ဘက် စက်လှေတွေကို အသုံးပြုတာပါ။ အဓိက လက်နက်အင်အားကို ရေလမ်းက ဖြည့်တင်းတာ"လို့ ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်က ကညင်ချောင်းစီပွားရေးဇုန်မှ ကစ္ဆပနဒီ(၁) နဲ့ ကစ္ဆပနဒီ(၃) သင်္ဘော ၂ စီးနဲ့ မောင်တောကို စစ်အင်အား ၆၀၀ ကျော် အင်အားဖြည့်တင်းလာသလို နတ်မြတ်ဝ နခေါင်းတို့ကနေ စစ်ဇက်သင်္ဘော ၂ စီးနဲ့ လူနဲ့ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေပြီး စစ်ကောင်စီရေတပ်ကလည်း လက်နက်တွေကို စက်လှေတွေနဲ့ တောင်ပြိုလက်ဝဲစစ်ဗျူဟာအထိ လက်နက်အင်အား ဖြည့်တင်း နေတာဖြစ်ပါတယ်။
မောင်တောမြို့နယ်အတွင်း ရက္ခိုင်တပ်တော်(အေအေ)ဘက်က စစ်ရေးအသာစီး ရထားပြီး ရခိုင်ပြည်နယ် နေရာအနှံ့မှာလည်း အခုထက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်တယ်လို့ ULA ပြောခွင့်ရသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ကျေးရွာ တချို့မှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ Arakan People's Authority က လိုက်လံသတိပေးနေတယ်လို့ APA နဲ့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘက်တွေမှာ စစ်ကောင်စီတပ်တွေ နဲ့အေအေတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ကျန်တဲ့ ဒေသတွေမှာပါ အချိန် မရွေးတိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ ၇ ရက်အတွင်း အပြီးတူးထားကြဖို့ ကြိုတင်အသိပေးထားတာလို့ APA ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့နေရာရော မဖြစ်တဲ့နေရာတွေကိုပါ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်တာတွေပါ လုပ်နေလို့ ပြည်သူတွေ အန္တရာယ် မဖြစ်ရအောင် ကြိုတင်သတိ ပေးတာလို့ ဆိုပါတယ်။
ရသေ့တောင်မြို့နယ် ဒေသခံ တဦးက “ကျနော်တို့ ဒေသဘက်တွေကို လေယာဥ်တွေက တနေ့ကို လေးငါးခေါက်လောက်ဖြတ်ပျံတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ဒါပေမဲ့ အရင် နှစ်တွေက ဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ စစ်တပ်က ပစ်လို့ လက်နက်ကြီးတွေကျတာ ရှိတယ်” လို့ ပြောပါတယ်။
မိုးကာလဖြစ်လို့ ဗုံးခိုကျင်းတူးရတာ ခက်ခဲပေမဲ့ ရက္ခိုင့်တပ်တော်က သတိပေးထားတာဆိုတော့ မြေပေါ်မှာပဲ သဲအိတ်တွေစီပြီး ဗုံးခိုကျင်းတွေ လုပ်ကြရတာပေါ့လို့ ဒေသခံတဦးက ပြောပါတယ်။
“ဗုံးခိုကျင်း တူးထားတော့လည်း ကိုယ့်ဆီကို လက်နက်ကြီး တည့်တည့်လာရင် လွတ်နိုင်မှာ မဟုတ်ပေမဲ့ အကာကွယ်သဘောမျိုးလောက်ပဲ လုပ်ကြရတာပါ။ စစ်ဘေးရှောင်ပြန်တော့လည်း ဘယ်နေရာသွားသွား တိုက်ပွဲမရှိဘူးလို့ တွက်လို့ မရတော့ဘူး။ ကိုယ့်အိမ်မှာကိုနေပြီး အကာ အကွယ် ယူကြရမှာ။ စစ်ကြောင်း ထိုးလာရင်တော့ ဘေးလွတ်ရာကို ပြေးကြရမှာပေါ့။ အဓိက ကတော့ လေယာဥ်နဲ့ ဗုံးကြဲမှာရယ် လက်နက်ကြီးနဲ့ လှမ်းပစ်မှာကို အကြောက်ဆုံးပဲ။”
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အေအေတို့ နေ့စဥ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးလို့ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ပေမဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။