Home
မြန်မာသတင်း
ရေဦး-ကလေးသွား မဟာမြိုင်လမ်း ပျက်စီးသွားသဖြင့် ကားရာချီ ပိတ်မိ
DVB
·
September 19, 2022
304771109_182137227648156_910617764109128158_n
287034664_182137287648150_1935628108738332940_n
306640054_182137257648153_3783832776334783304_n

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စစ်ကိုင်းတိုင်း၊ ရေဦး-ကလေးမြို့သွား မဟာမြိုင်‌လမ်းပိုင်း စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၇ နာရီလောက်က ပျက်စီးသွားတာကြောင့်  ခရီးသွားကား ရာနဲ့ချီ ပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပျက်စီးသွားတဲ့ လမ်းပိုင်းဟာ မင်းကင်းမြို့နယ်၊ ပျဉ်ကိုင်းကျေးရွာအနီ မိုင်တိုင် ၆၃ မိုင်နဲ့ ၆၄ မိုင်ကြားမှာ ပျက်စီးတာလို့ ဒေသခံတွေက ပြောပါတယ်။

“ညက မိုးရွာတာများတော့ ကားလမ်းကို ရေကျော်ပြီး ရေတိုက်စားကာ လမ်းပျက်တာပါ။ သွားလို့တော့ မရနိုင်လောက်ဘူး။ ကွင်းလမ်းလည်း မရှိဘူး ထင်တယ်ဗျ။ သွားရမလားဆိုပြီး ကားသေးတစီး မောင်းကြည့်တော့ ရေထဲပါသွားသေးတယ်။ နောက်ထပ်ကုန်ကားတစီးလည်း ထပ်မောင်းကြည့်တယ်၊ အဲကားကတော့ ချောက်ထဲကျပြီး မှောက်သွားသေးတယ်။ လူအသေအပျောက်တော့ မရှိဘူး။ ကားကတော့ ခေါင်းကတော့ ပိန်ရှုံ့သွားတယ်” လို့ ကားသမားတဦးက ပြောပါတယ်။

အခုလို ကားလမ်း ပျက်စီးသွားတာ တနေရာတည်း မဟုတ်ဘဲ လေး ငါးနေရာလောက် တာဘောင်ကျိုးကျ ပျက်စီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပိတ်မိနေတာက ရေဦးဘက်ကနေ ကလေးကို သွားမယ့်ကားတွေရော၊ ကလေးဘက်ကနေ ရေဦး ဘက်သွားမယ့် ကားတွေရော နှစ်ဖက်ပိတ်မိနေတာ။ အစီးအရေကတော့ အနည်းဆုံး ၁၀၀ အထက်မှာရှိမယ်။ တချို့က လမ်းပျက်တာ မသိတော့ ထပ်ရောက်လာတာတွေလည်း ရှိတယ်။ တချို့ကားတွေကတော့ လာလမ်းအတိုင်း နောက်ကြောင်းပြန်မောင်းတဲ့ ကားတွေလည်းရှိတယ်ဗျ” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အဆိုပါ ကလေး-ရေဦးလမ်းကို မဟာမြိုင်လမ်းလို့ ဒေသတွင်းမှာ ခေါ်ဆိုကြပြီး အဲဒီလမ်းဟာ မန္တလေး၊ မုံရွာ၊ ရွှေဘိုကနေ မြန်မာပြည်အထက်ပိုင်း ကလေး၊ တမူးကိုသွားတဲ့ အရေးပါတဲ့ လမ်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024