တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက လူငယ် ၄ ယောက်ကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေဟာ မင်းရပ်ကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိတဲ့ ကိုကျော်စွာသိန်း၊ ကိုပြည့်ဝအောင်၊ ကိုသူရိန်ထွန်း၊ ကိုပိုင်အိတို့ ဖြစ်ကြပြီး ထားဝယ်မြို့ဘက်ကို ကားနဲ့ခေါ်သွားပေမဲ့ ဘယ်ကို ခေါ်သွားတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မင်းရွာခံ တဦးက ပြောပါတယ်။
“ဆိုင်ကယ် တစီးကို နှစ်ယောက်စီ စီးသွားလို့ အခုလို ဖမ်းဆီးသွားတာ ဖြစ်နိုင်ပေမဲ့ သေချာတော့ မသိရဘူး”
အဖမ်းခံရတဲ့ လူငယ်တွေကို ပျူစောထီးကားပေါ်မှာ မျက်နှာကို အဝတ်နဲ့စည်းပြီး ခေါ်သွားသလို လူငယ်တွေရဲ့ ဆိုင်ကယ်နှစ်စီးကိုလည်း ကားပေါ်တင်သွားတာ တွေ့ရတယ်လို့ ပြောပါတယ်။
ထားဝယ်ဒေသအတွင်းမှာ စစ်ကောင်စီတပ်က ဆိုင်ကယ် တစီးမှာ အမျိုးသား နှစ်ယောက် စီးနင်း ခွင့်မပြုဘဲ စီးနင်းတာတွေ့ရင် ပစ်ခတ်ဖမ်းဆီးတာ၊ ဆိုင်ကယ်သိမ်းဆည်းတာတွေ ပြုလုပ်လေ့ ရှိပါတယ်။
စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးလောက် စခန်းချ နေထိုင်တဲ့ ပန္ဒလဲကျေးရွာမှာ စက်တင်ဘာ ၁၂ ရက်က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။