တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပုလော PDF က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
“နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)၊ တိုက်ခိုက်ရေး တပ်ခွဲ (၁) က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်က တနာရီခွဲလောက်အကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနေ့ မနက် ၁၁ နာရီ ဝန်းကျင်က ဒုတိယအကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲနှစ်ကြိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တယောက်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း ပုလောမြို့နယ် တပိုရွာအနီး လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁) ၊ တိုက်ခိုက်ရေး တပ်ခွဲ (၃) တို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့ပါတယ်။