ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စင်တင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် နွားကျောင်းသား လူငယ်တယောက် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့က မြို့တွင်းကင်းလှည့်ပြီး လူငယ်တယောက်ကို တားဆီးရာ ရပ်မပေးတဲ့အတွက် ပစ်ခတ်ခဲ့ရာမှာ နွားကျောင်းနေသူ လူငယ်တယောက်ကို ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
မိုးညှင်းဒေသခံတယောက်က “မနက် ၁၀ နာရီလောက်က ရွှေပေါက်ကံလမ်းဆုံမှာ ရဲအဖွဲ့ ကင်းလှည့်နေတုန်း ကောင်လေးတယောက်ကို တားတယ်။ သူက ဆိုင်ကယ်ရပ်မပေးလို့ လိုက်ပစ်ရင်း လမ်းဘေး နွားကျောင်းနေတဲ့ကလေးကို ထိတာ၊ လက်မောင်းဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် နွားကျောင်းနေသူ မောင်ရာဘီးဟာ လက်မောင်းကျည်ထိမှန် ဒဏ်ရာရခဲ့လို့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားရပါတယ်။
မိုးညှင်းမြို့မှာ သြဂုတ် ၃၁ ရက်က စောလင်းအောင်ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း စစ်ဆေးမှုတွေ တင်းကျပ်ထားပါတယ်။