ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို စစ်ကောင်စီက စက်တင်ဘာ ဒုတိယပတ်ထဲမှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို စစ်ကောင်စီတပ်သားတွေက ၂၀၂၁ ခုနှစ် မေလထဲမှာ ဖမ်းဆီးခဲ့ပြီး ထောင်ထဲမှာ ဆူပူအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
“အစ်မက နိုင်ငံရေးအမှုတွေလိုက်တာ များတယ်၊ မတရားစွပ်စွဲဖမ်းဆီးခံရတဲ့ အမှုတွေကို သူက လိုက်ပေးတာ။ အဲဒါကို စစ်ကောင်စီဘက်က အငြိုးထားဖမ်းပုံရတယ်၊ ထောင်ထဲရောက်မှ ပုဒ်မတပ်လိုက်တာ၊ ဘာမှမဆိုင်တဲ့ ပုဒ်မတပ်ပြီး ထောင်တွင်းတရားရုံးကနေပဲ မတရား ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့တာလိုပဲ ပြောချင်တယ်” လို့ ရှေ့နေတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စွပ်စွဲဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဘက်က အမှုလိုက်ပေးလေ့ရှိတဲ့ ရှေ့နေတဦးဖြစ်တာကြောင့် စစ်ကောင်စီက ခုလိုအငြိုးထား ဖမ်းဆီးထောင်ချတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။
လက်ရှိအချိန်မှာ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး ဆေးကုသခွင့်လည်း မရရှိသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။