အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် တမူး-အောင်ဇေယျ လမ်းမကြီးကို စက်တင်ဘာ ၁၆ ရက် ဒီနေ့ညနေပိုင်းကစပြီး အသုံးမပြုကြဖို့ တမူး PDF က အသိပေးထုတ်ပြန်ပါတယ်။
အဆိုပါလမ်းမကြီးမှ တမူး PDF တပ်ဖွဲ့ဝင်တွေ မျက်ခြည်မပြတ် စောင့်ကြည်နေပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့လည်း စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသွားတွေနဲ့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
“သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်အကျိုးဆက်တွေကို မိမိတို့တပ်ဖွဲ့က လုံးဝ တာဝန်ယူ ဖြေရှင်းမှာမဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့က ထုတ်ပြန်ကြေညာပြီးတဲ့ အချိန်မှသာ ပြန်လည်အသုံးပြုသွားလာကြဖို့” တမူး PDF တာဝန်ခံက ပြောပါတယ်။
တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပြီး စစ်ကောင်စီက တမူးမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၆ လကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။