ရခိုင်ပြည်နယ်၊ တောင်ကုတ် ချောင်းထဲမှာ ခုတ်မောင်းနေတဲ့ စစ်ကောင်စီရေတပ် ဇက်ရေယာဉ်တစီးကို ရက္ခိုင်တပ်တော် (အေအေ) က စက်တင်ဘာ ၁၆ ရက် နေ့လယ်တနာရီကျော်လောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်သွားပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။
“တောင်ကုတ်မြို့စွန်က သင်္ဘောဆိပ်ကနေ စစ်ပစ္စည်းတွေတင်ပြီး ထွက်ခွာလာတဲ့ ရေတပ်က ဇက်ရေယာဉ်ပါ။ အေအေက တောင်ထက်က လက်နက်ကြီးနဲ့ပစ်တာ။ သင်္ဘောမှာထိတော့ သင်္ဘောကနေလည်း ပစ်တာ။ အပြန်အလှန်ပစ်ကြတာ။”
တောင်ကုတ်မြို့နဲ့ တမိုင်ကျော်လောက်အကွာရှိ ရွှေလင်းယုန်သင်္ဘောဆိပ်ကမ်းမှ စစ်သားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေတင်ဆောင်ပြီး တောင်ကုတ်ချောင်းအတိုင်း ထွက်ခွာလာတဲ့ ရေတပ်ဇက်ရေယာဉ်ကို အေအေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရေတပ် ဇက်ရေယာဉ် ထိမှန်တဲ့အတွက် နာရီဝက်လောက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြတာပါ။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေသလို အာဏာသိမ်းစစ်တပ်က ဒီရက်ပိုင်းအတွင်း ရေလမ်းကြောင်းကနေပြီး စစ်အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေတာကြောင့် အေအေဘက်က အခုလို တိုက်ခိုက်ရတာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
“တိုက်ရမှာပဲလေ။ ဇက်မပြောနဲ့ လေယာဉ်ကိုလည်း ပစ်ရမှာပဲ။ ရခိုင်ပြည်ကို စစ်အင်အား အလုံးအရင်း တိုးချနေတာက စစ်ကောင်စီလေ။ သူတို့တိုးချချင်သလောက် ချနေတာကို လက်ပိုက်ကြည့်နေလို့ မရဘူးလေ။ ကြားဖြတ်တိုက်တဲ့သဘောပါ။”
စစ်တွေမြို့မှ ဘူးသီးတောင်မြို့ကို ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ ပြည်တွင်းရေကြောင်းပိုင် အောင်ကျော်မိုး သင်္ဘောကို ရက္ခိုင့်တပ်တော် (အေအေ) က တရက်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကုန်သည်တွေထံက သိရပါတယ်။