လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ တရက်မှ မနေထိုင်ချင်ဘဲ ဒီမိုကရေစီလိုလားတောင့်တနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်သူတွေအတွက် ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင် ဆောင်ရွက်ဖို့ လူ့လောကရဲ့ အဓွန့်ရှည်တည်တံ့ဆုံး နည်းလမ်းဖြစ်တယ်ဆိုတဲ့ အခြေခံအမှန်တရားတစ်ရပ်ကို ထပ်လောင်းအတည်ပြုလိုက်တာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ အချိန် ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက လက်ရှိအချိန်တိုင်အောင် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင်နေကြဆဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။