ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်က လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဝင်ဖမ်းရာကနေ အမျိုးသား တယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခဲပေါင်တံတားအနီးက ဆန်စက်ဝင်းထဲမှာ တောချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး သေနတ်နဲ့ဝင်ပစ်ခဲ့လို့ ရွာသားတယောက် ကျည်ထိမှန်ပြီး ချောင်းထဲပြုတ်ကျသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“လောင်းကစားဝိုင်းကတော့ တရားဝင်လုပ်နေသလားမှတ်ရတယ်။ ကြေးကလည်းကောင်းတယ်။ ရဲဘော်အဆင့်နဲ့ လမ်းကြုံလို့ ဝိုင်းဘက်ရောက်ရင်တောင် အနည်းဆုံး ငါးသောင်းလောက် ပစ်ပေးလိုက်တာ။ ခုတော့ ဘယ်လိုဖြစ်ပြီး ဝင်ဖမ်းသလဲမသိဘူး။ ဝင်ဖမ်းတဲ့အချိန် အကုန်ထွက်ပြေးတော့ တယောက်ကတော့ ကျည်ထိပြီး ချောင်းထဲပြုတ်ကျသွားတာ။ ၁၃ ရက်နေ့ကမှ ပြန်ပေါ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ဒဏ်ရာနဲ့ ချောင်းထဲပြုတ်ကျသေဆုံးခဲ့သူဟာ အောင်ဆန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ကိုမြင့်ခိုင်ဖြစ်ပါတယ်။
လောင်းကစားဝိုင်းကို ဖမ်းဆီးချိန်မှာတော့ တောချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား အယောက် ၃၀ လောက်ကို ဆိုင်ကယ် အစီး ၃၀၊ ကား ၃ စီး၊ လောင်းကြေးငွေ သိန်း ကျပ် သိန်း ၁၀၀၀ ကျော်နဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။