ထိုင်းနိုင်ငံမှာ ၁၀ ရက်အတွင်း မိုးဆက်တိုက်ရွာတာ၊ ဆည်ရေဖောက်ထုတ်တာတွေကြောင့် ခရိုင် ၃၂ ခုမှာ ရေကြီးရေလျှံပြီး ရေဘေးသင့်ပြည်သူ ၁ သိန်းကျော်အထိရှိလာပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ကယ်ဆယ်ရေးဌာနရဲ့ ဒီမနက် ၁၁ နာရီထုတ်ပြန်ချက်အရ စက်တင်ဘာ ၄ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၁၄ ရက်အထိ ၁၀ ရက်အတွင်း ခရိုင်ပေါင်း ၃၂ ခုထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာပါ။
မိုးရွာသွန်းမှုကြောင့် မြို့နယ်ပေါင်း ၈၇ မြို့နယ် ၊ အုပ်စု/နယ်မြေ ၁၈၆ ခု ၊ ရပ်ကွက်/ကျေးရွာပေါင်း ၇၄၁ ခုထဲမှာ ရေကြီးတာ၊ တောင်ကျချောင်းရေလျှံတာ၊ ဆည်ရေလျှံတာတွေ ဖြစ်ပွါးပြီး လူပေါင်း ၁၁၆၈၃၃ ဦး ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာ ခရိုင်အချို့ရေပြန်ကျသွားပေမဲ့ လမ်းပွန်း ၊ လမ်းပန်း ၊ ဖယောဝ်း၊ တာ့ခ် ၊ နောင်ဘိုလမ်းဖူး ၊ ခွန်ကဲန် ၊ လွေး ၊ ကားလားဆင် ၊ ပထုန်ဌာနီ၊ စမွတ်ပရကန်၊ ဆရကျောက် ၊ လယောင်း၊ ချွန်းပူးရီး နဲ့ ကျန်ထပူရီ ခရိုင်တွေမှာ ရေတွေဝပ်နေသေးတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက် ဒီကနေ့မှာ ဥဘွန်းရာ့ချ်ဌာနီ၊ အယုဒ္ဓယ၊ အန်ထောင်း ၊ ပထုန်ဌာနီစတဲ့ ခရိုင် ၄ ခုရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်၊ အုပ်စု/နယ်မြေ ၁၁၂ ခု ၊ ရပ်ကွက်/ကျေးရွာ ၆၀၆ ခုမှာတော့ ရေကြီးနေဆဲလို့ ဆိုပါတယ်။
ရေဘေးသင့်ပြည်သူတွေကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်နဲ့တပြေးညီ ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပြီး ရေဘေးကြုံလို့ အခက်အခဲဖြစ်နေတယ်ဆိုရင် အရေးပေါ် ဖုံးနံပါတ် ၁၇၈၄ ကို ၂၄ နာရီ အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ ဒီကနေ့မနက် ၆ နာရီထုတ်ပြန်ချက်အရ လာမယ့် ၂၄ နာရီအတွင်း ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသ ၇၀ ရာခိုင်နှုန်းမှာလည်းကောင်း၊ ထိုင်းမြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းခရိုင်တချို့မှာ မိုးဆက်လက်ရွာ သွန်းနိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းတွေဟာ အမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်လာနိုင်ခန့်မှန်းထားပါတယ်။
ဘန်ကောက်ခရိုင်တွင်း တုဆစ်၊ နောင်ကျောက်၊ မိင်ဘူရီ၊ လတ်ကရဘန်း၊ ဖယားထိုင်း၊ ဘန်ဖလတ်၊ ဘန်ဆိ၊ ကျဒူးကျတ်နဲ့ ရာ့ချ်ဒေဝီစတဲ့ နယ်မြေ ၉ ခုမှာ ၂၄ နာရီအတွင်း မိုးသည်းထန်နိုင်ပြီး ရေကြီးမယ်အခြေအနေကြိုတင်ကာကွယ်ထားဖို့ ဘန်ကောက်မိုးလေဝသဌာနခွဲကလည်း ထုတ်ပြန်ထားပါတယ်။