ရက္ခိတလမ်းစဥ် ဆိုတာကတော့ ရက္ခိုင်အမျိုးသားအကျိုးစီးပွားနဲ့ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးရဲ့ အကျိုးစီးပွားကို အဓိကဗဟိုပြုတဲ့ဝါဒဖြစ်သလို ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်နိုင်အောင် ချီတက်နေတဲ့ လမ်းစဥ်တခုဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။
ရခိုင်ပြည်ကို ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စတဲ့ခေတ် ၄ ခေတ်မှာ မင်းဆက်ပေါင်း ၂၁၀ ကျော် အုပ်ချုပ်ခဲ့ပြီး မြောက်ဦးခေတ်မှာတော့ ရခိုင်ဘုရင်မင်းဆက် ၄၈ ဆက်အုပ်ချုပ်ခဲ့ပါတယ်။
ပထမဓညဝတီခေတ်ကို BC ၂၆၆၆ မှာ မရယုမင်းက စတင်တည်ထောင်ခဲ့ပြီး နောက်ဆုံးမင်းဆက် မဟာသမ္မတရာဇာလက်ထက် ၁၇၈၄ ဒီဇင်ဘာလ ၃၁ ရက်မှာတော့ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ သိမ်းပိုက်တာကို ခံလိုက်ရပြီး ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရပါတယ်။
အဲဒီကနေတဆင့် ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော်စစ် ဖြစ်ပွားပြီး မြန်မာဘက်က စစ်ရှုံးကာ ၁၈၂၆ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီရဲ့ လက်အောက်ကို ထပ်မံကျရောက်ခဲ့ပြန်ပါတော့တယ်။
သူ့ကျွန်ဘဝမှာ နေထိုင်ဖြတ်သန်းခဲ့ရတဲ့ ရခိုင်တိုင်ရင်းသားတို့ဟာ အခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ဆိုရင် ၂၃၈ နှစ် ပြည့်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတုအယောင် လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတုတွေကြားမှာပဲ ရှင်သန်ဖြတ်သန်းခဲ့ကြရလို့ပါ။ ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့တဲ့ ပင်လုံစာချုပ်ကိုလည်း အာဏာရှင်တို့က ဖောက်ဖျက်ခဲ့ကြလို့ပါပဲ။
ရခိုင်တိုင်းရင်းသားတို့ဟာ လွတ်လပ်ရေးရပြီးကတည်းက ကိုယ့်တိုင်းပြည် လွတ်မြောက်ဖို့အတွက် စစ်အာဏာရှင်တွေကို နည်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်ခဲ့ကြပေမဲ့ အမျိုးသားသစ္စာဖောက်တွေကြောင့် စစ်တပ်ရဲ့ ဖြိုခွင်းတာတွေပဲ ခံခဲ့ကြရပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့ လူလတ်ပိုင်းတွေစုစည်း လှုပ်ရှားမှုတွေကနေတဆင့် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်နိုင်ဖို့ အစပြုခဲ့ပါတော့တယ်။
၂၀၀၆ ခုနှစ်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ KIA ဗိုလ်ချုပ်ဂွမ်မော်တို့ တွေ့ဆုံပြီးနောက် ၂၀၀၉ ခုနှစ်မှာ ရခိုင်လူငယ် ၂၆ ယောက်နဲ့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ရက္ခိုင့်တပ်တော် AA ကို စတင်ဖွဲ့စည်းခဲ့ပြီး KIA ဆီက စစ်ပညာသင်ယူခဲ့ကြပါတယ်။
ရက္ခိုင်တပ်တော်ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒေါက်တာညိုထွန်းအောင်တို့လို ပညာတတ် လူငယ်တွေအပြင် တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်မှုရှိတဲ့ ဗိုလ်မှူးကြီးကျော်ဟန်တို့ရဲ့ ဦးဆောင်မှုတွေကြောင့် ရခိုင်လူထုတရပ်လုံးရဲ့ ထောက်ခံမှုတွေကို ရရှိပိုင်ဆိုင်လာပါတော့တယ်။
ရခိုင်တို့ရဲ့ နှလုံးသားထဲမှာလည်း ကိုယ့်တိုင်းပြည်လွတ်မြောက်ဖို့အတွက် တော်လှန်ရေး တပ်တစ်ခု ပေါ်ပေါက်ဖို့လိုအပ်နေတယ်ဆိုတာကတော့ ငယ်စဥ်ကတည်းက ကိန်းအောင်းနေတယ်ဆိုတာ အသေချာပါပဲ။
ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်ဟာ သား၊ ငါး၊ ဆန်၊ စပါးနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့တွေ အများအပြား ထွက်ရှိနေပေမယ့်လည်း မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်နေလို့ပါပဲ။ အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်ကလည်း ပြည်မနဲ့ ပြည်နယ်ကို ခွဲခြားအုပ်ချုပ်ပြီး ထွက်ရှိသမျှ သယံဇာတတွေကိုသာ အပိုင်စီးသွားကြပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံးဝမစဥ်းစားခဲ့ကြပါဘူး။
ရခိုင်ပြည်နယ်မှာ စက်ရုံ၊ အလုပ်ရုံ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးတာကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန်၊ မန္တလေး၊ ဖားကန့်၊ ကော့သောင်းဘက်တွေမှာ ပြောင်းရွှေ့ လုပ်ကိုင်ကြရသလို နိုင်ငံရပ်ခြားကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ကြရပါတော့တယ်။ အများစုကတော့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို တရားဝင်လမ်းကြောင်းက သွားသူရှိသလို အောက်လမ်းကနေ သွားသူတွေရှိလို့ လမ်းခရီးမှာ ဖမ်းဆီးခံရတာတွေလည်း ရှိပါသေးတယ်။
ဖိနှိပ်မှုတွေ၊ ဆင်းရဲဒုက္ခတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ တခုတည်းသော ထွက်ပေါက်ကတော့ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်ဖို့ ပေါ်ပေါက်လာတဲ့ ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်တို့ရဲ့ တခုတည်းသော ထွက်ပေါက်ဆိုရင် မှားမယ်မထင်ပါဘူး။
ရက္ခိုင့်တပ်တော်ရဲ့ ရက္ခိတလမ်းစဥ်ကို ရခိုင်ပြည်သူတပ်ရပ်လုံးက လက်ခံယုံကြည်ကြပြီး ပညာတတ် လူငယ်အများအပြားဟာ ရက္ခိုင့်တပ်တော်မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ကြလို့ ထင်မှတ်မထားလောက်အောင်ပင် အင်အားတွေ များပြာလာခဲ့ပါတော့တယ်။
ရက္ခိုင့်တပ်တော် AA ရဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ မဟာမိတ်အဖွဲ့တခုဖြစ်တဲ့ MNDAA ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ စျာပနအခမ်းနားမှာ ရက္ခိုင်တပ်တော်ကို ဦးဖုန်ကျားရှင်က ပထမဦးဆုံး လက်နက် ၁၀၀ လက်ဆောင်ပေးခဲ့လို့ အဲဒီလက်နက် ၁၀၀၊ RPG ၂ လက်ကို ကိုင်ဆောင်ပြီး ၂၀၁၅ ခုနှစ်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေတဆင့် ရခိုင်ပြည်နယ်ထဲကို စတင်ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
“အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ကျနော်တို့ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ အဓိကအချက် ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျနော်တို့ ရခိုင်လူမျိုးတွေ လိုချင်တဲ့ ကွန်ဖက်ဒရေးရှင်းအမျိုးအစား နိုင်ငံရေးနယ်ပယ် ရှိ/မရှိကို ကျနော်တို့ ကြည့်ရမယ်”လို့ အာရှတိုင်းမ်သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖြေကြားထားပါတယ်။
ရက္ခိုင့်တပ်တော်စတည်ထောင်တဲ့ ၂၀၀၉ ကစလို့ ၁၃ နှစ်တာကာလအတွင်းမှာ တပ်သားပေါင်း ၃၀,၀၀၀ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ကွပ်ကဲထိန်းချုပ်ရေးနဲ့ နည်းပညာပိုင်းတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ တိုက်ခိုက်ရေးသမားတွေလည်း အများအပြားရှိကာ AA စစ်သား ၇၀ ရာခိုင်နှုန်းလောက်ဟာ ပြင်းထန်တဲ့ တိုက်ပွဲအတွေ့အကြုံရှိပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
မဟာမိတ်နယ်မြေတွေမှာ ၅၀၀၀ ကနေ ၆၀၀၀ လောက်အထိတပ်ဖြန့်ချထားပြီး ကျန်တဲ့ တပ်အင်အားတွေကတော့ ရခိုင်မှာ တပ်ဖြန့်ချထားကာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ၆၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီး တောင်ပိုင်းမှာတော့ နည်းတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်တို့ ရခိုင်ပြည်နယ် အနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော် အာဏာကို မင်းအောင်လှိုင်စစ်တပ်က မတရားသိမ်းပိုက်ပြီးတဲ့ နောက်မှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ ဟာ နားလည်မှုနဲ့ တနှစ်ကျော်လောက် အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။
အပစ်ခတ်ရပ်စဲတဲ့ ကာလအတွင်းမှာလည်း ရက္ခိုင်တပ်တော် ထိန်းချုပ်ထားတဲ့ စစ်ဒေသ ၄ ခုမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်တွေကို အခိုင်အမာ စနစ်တကျ တည်ဆောက်လာနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ကတော့ ငယ်ထိပ်မြွေပေါက်ခံရသလိုဖြစ်ပြီး အပြစ်မဲ့ ပြည်သူတွေကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားဖမ်းဆီးတာတွေ လုပ်လာပါတော့တယ်။
ရခိုင်ပြည်သူလူထုတွေကလည်း အမှုအခင်းတွေဖြစ်ရင် စစ်ကောင်စီရဲ့ ရဲစခန်းတွေ၊ တရားရုံးတွေကို တိုင်ကြားတာတွေ မပြုလုပ်တော့ဘဲ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့တွေဆီမှာပဲ သွားရောက် တိုင်ကြားကြတာဆိုတော့ ရဲတွေ စားပေါက်တွေပိတ်၊ တရားရုံးတွေ သရဲခြောက်မယ့် အနေအထားဖြစ်သွားတော့ စစ်ကောင်စီတပ်က ဆွေ့ဆွေ့ခုန်အောင် နာတော့တာပေါ့ဗျာ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ မြို့ပေါ်တွေအထိ ULA/AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေ သက်ရောက်လာတော့ စစ်ကောင်စီတပ်က နည်းအမျိုးမျိုးနဲ့ ပြဿနာတွေ ရှာလာပါတော့တယ်။
စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးသလို ရက္ခိုင့်တပ်တော်ကလည်း စစ်တပ်က အရာရှိတွေ၊ ရဲအရာရှိတွေကို ဖမ်းဆီးရာကနေ စစ်ရေးတင်းမာလာပြီး ၂၀၂၂ ခုနှစ်မှာတော့ ပလက်ဝမြို့နယ်နဲ့ မောင်တောမြို့နယ်မြောက်ပိုင်းတွေမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတော့တယ်။
လတ်တလောအခြေနေမှာတော့ မောင်တောမြို့နယ်မြောက်ပိုင်းက မိုင်တိုင် ၄၀ အနီးက နယ်ခြားစောင့်စခန်းတခုနဲ့ ခမရ ၃၅၂ တပ်စခန်းတခုကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အေအေဘက်က ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဘက်ကတော့ အဲဒီစခန်းတွေကို ပြန်လည်ရရှိဖို့ နေ့စဥ်ရက်ဆက် တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ရခိုင်တိုင်းရင်းသားတွေထဲမှာ AA အပြင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေရှိပေမဲ့လည်း စစ်ကောင်စီတပ်တွေနဲ့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလေ့ မရှိကြသလို ရခိုင်လူထုတရပ်လုံးကလည်း ရက္ခိုင့်တပ်တော် AA ကိုသာ အပြည့်အဝ ထောက်ခံ ယုံကြည်နေကြပါတယ်။
တိုက်ပွဲတွေနဲ့အတူ ဘေးထွက်ဆိုးကျိုးကတော့ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ ဘေးလွတ်ရာကို နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခတွေပါပဲ။ ရခိုင်ပြည်နယ်မှာ အရင်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရပြီး နေရပ်မပြန်နိုင်တဲ့ စစ်ရှောင်ပြည်သူ ၈၀၀၀၀ လောက်ရှိနေပြီး အခုတကျော့ပြန်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကလည်း ၆၆၀၀ လောက်အထိ ရှိလာပြီးလို့ စစ်ဘေးရှောင်ပြည်သူတွေကို အကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
ဘယ်လောက်ပဲ အခက်ခဲတွေ ကြုံတွေ့နေပါစေ၊ ရက္ခိုင်တို့ရဲ့ အဓိက မျှော်လင့်ချက်ကတော့ ရက္ခိတ လမ်းစဥ်အတိုင်း လျှောက်လှမ်းနေတဲ့ ရက္ခိုင့်တပ်တော်ရဲ့ ဦးဆောင်ကြိုးပမ်းမှုနဲ့အတူ ရက္ခိုင်ပြည်ကြီး အမြန်ဆုံး လွတ်မြောက်ဖို့ပါပဲ။
အခုလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတိုင်း အောင်မြင်ပြီး စစ်မိစ္ဆာတွေကို ရက္ခိုင်ပြည်ကနေ အမြန်ဆုံး မောင်းထုတ်ကာ ကိုယ့်တိုင်းပြည်ကိုယ် ပြန်လည်ရယူလိုစိတ်တွေက ရခိုင်တိုင်းရင်းသားတိုင်းရဲ့ ဘုံရည်မှန်းချက် ဖြစ်တာကြောင့် နှလုံးသားထဲက ရက္ခိုင်တပ်တော် AA အောင်ပွဲတွေ အလီလီ ဆင်မြန်းနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။
အာရက္ခရောင်နီ (သူ့အတွေး သူ့အမြင် – Op-Ed)