ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး၊ ဦးစီးအရာရှိ ၁ ဦးနဲ့ ဒုဦးစီး ၂ ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဒီဇင်ဘာ ၃ ရက် ညနေက ဖမ်းဆီးသွားကြောင်း မျက်မြင် ဒေသခံတွေထံက သိရပါတယ်။
မနေ့ ညနေ ၅ နာရီကျော်မှာ မြောက်ဦးထွေအုပ်ရုံး ဝန်ထမ်းအိမ်ရာကနေ ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကတော့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကျော်၊ ဦးစီးအရာရှိ ဦးမောင်မောင်လေး၊ ဒုဦးစီး ဦးကိုကိုအောင်၊ ဒုဦးစီး ဦးအာကာဦးနဲ့ သူ့အမေဖြစ်သူတို့ ပါသွားတယ် ဒေသခံတွေဆီ သိရပါတယ်။
မြောက်ဦးထွေအုပ်ဝန်ထမ်းတဦးက “ဒုဦးစီး ဦးအာကာဦးက ခြေတဖက် မသန်စွမ်းတဲ့အတွက် သူ့အမေက သူ့သားကို စိတ်မချလို့ သူပါ လိုက်သွားတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် တိုက်ပွဲတွေဖြစ်တဲ့ကာလကစပြီး အေအေနဲ့ ပတ်သက်သူတွေကို စစ်တပ်က ဖမ်းဆီးတာတွေရှိနေသလို အေအေဘက်ကလည်း အုပ်ချုပ်ရေးအာဏာပိုင်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေတာလည်း ဖြစ်ပါတယ်။